Home
မြန်မာသတင်း
အကောင့်ပိတ်ခံရပြီး  Pocket money သုံးမရသဖြင့်  K-Pay အသုံးပြုသူများ အဆင်မပြေ
DVB
·
May 20, 2024
KBZ-pay

KBZ pay အသုံးပြုသူတွေရဲ့ အကောင့်တချို့ အကြောင်းကြားတာမရှိဘဲ အပိတ်ခံနေရတာနဲ့ Pocket money အသုံးပြုလို့မရတော့တဲ့အတွက် အခက်အခဲတွေ ကြုံနေရပါတယ်လို့ K-Pay အသုံးပြုသူတွေက ပြောပါတယ်။

K-Pay အသုံးပြုသူတွေရဲ့ အကောင့်တွေ ယာယီအပိတ်ခံရတာတွေနဲ့ အချက်အလက်မလိုဘဲ ငွေလွှဲလို့ရတဲ့ Pocket money ကို ဖြုတ်ထားတဲ့အတွက် အသုံးပြုသူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

ငွေပမာဏများတဲ့ အကောင့်တွေကို Freeze (ယာယီပိတ်ပင်တာ) ပြောထားတဲ့ရက်အတွင်း ဖွင့်မပေးတာတွေကြောင့် K-Pay အသုံးပြုသူတွေအနေနဲ့ အဆင်မပြေမှုတွေနဲ့ ကြုံနေရပါတယ်။

ငွေမှားလွှဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ ပထမပတ်ထဲက ကျပ်သိန်း ၂၅၀ ကျော်ရှိတဲ့အကောင့် အပိတ်ခံထားရပြီး K-Pay စင်တာကို အကြိမ်ပေါင်းများစွာ ကွန်ပလိန်းတက်ပေမဲ့ ၁၅ ရက်ကျော်ကြာတဲ့အထိ အကောင့်ပြန်မရသေးကြောင်းကို အသုံးပြုသူ တဦးက ပြောပါတယ်။

“တယောက်ယောက်က ကိုယ့်အကောင့်ကို ပိုက်ဆံမှားလွှဲတာနဲ့ K-Pay စင်တာက ကိုယ့်အကောင့်ကို ဘလိုင်းကြီး ပိတ်လို့ရတာလားဆိုပြီး မေးတော့ သူတို့က ပထမ စစချင်းမှာတော့ ရပါတယ်ဆိုပြီး ဖြေတယ်။ ဒုတိယတကြိမ် ထပ်ဆက်တော့ ဘာပြောလဲဆိုတော့ တပတ်စောင့်ရပါမယ်လို့ ပြောတယ်။ K-Pay စင်တာကိုပဲ ဖုန်းဆက်ခိုင်းတော့ ဆက်ထပ်တော့ ဒီတခေါက်ကျတော့ ဘာပြောလဲဆိုတော့ အမြန်ဆုံးရအောင် လုပ်ပေးနေပါတယ်တဲ့။ ဒါပေမဲ့ ဘယ်ချိန်ဖွင့်မလဲ မသိပါဘူးဆိုတဲ့ စကားကို ပုံစံပြောင်းပြောတယ်။ ဘာမှကို လုပ်လို့ မရဘဲ သိန်း ၂၅၀ လုံးကြီးက အကောင့်ထဲမှာ ပိတ်ပြီးတော့ အခုဆိုရင် အများကြီး ဝယ်ယူမှုတွေပါ နောက်ကျကုန်တဲ့အဆင့်ကနေပြီးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ်လည်း ဘာမှမဆိုင်ဘဲ လုပ်ခံနေရတာပေါ့နော်။”

KBZ pay ရဲ့ တရားဝင်စာမျက်နှာမှာ K-Pay အကြောင်း ဆိုးဝါးတဲ့မှတ်ချက်ပေးရင် ချက်ချင်း ဖျက်ပစ်တယ်လို့ ဆက်ပြောပြပါတယ်။

K-Pay အသုံးပြုသူတွေအကြား အဆင်မပြေမှုတွေ ကြုံနေရသလို KBZpay ရဲ့ တရားဝင်စာမျက်နှာမှာ ဆိုရင်လည်း K-Pay အကောင့်တွေ အပိတ်ခံထားလို့ ပြန်ဖွင့်ပေးစေချင်တဲ့ မှတ်ချက်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် K-Pay စတင်မိတ်ဆက်ခဲ့တုန်းက ဖုန်းနံပါတ်နဲ့ အချက်အလက်တွေ ဖြည့်သွင်းစရာမလိုဘဲ ငွေလွှဲနိုင်တဲ့ pocket money ဆိုတဲ့ နေရာပါဝင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက pocket money အသုံးပြုလို့ မရတော့ကြောင်း သိရပါတယ်။

ဒါကြောင့် လုံခြုံရေးအရ pocket money အသုံးပြုလုပ်ကိုင်နေရတဲ့ ထောက်ပို့အဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒဂုံနီးယမ်းထောက်ပို့အဖွဲ့က အဖွဲ့ဝင် တဦးက ပြောပါတယ်။ 

“ညီမတို့အနေနဲ့ kpay နဲ့ အလှူခံရတဲ့နေရာမှာ Kpay Freeze ခံရတဲ့ အခြေနေတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ပြည်သူချွေးနှဲစာတွေ ဖြစ်တဲ့အတွက် စိတ်မကောင်းလည်း တော်တော်ဖြစ်မိပါတယ်ရှင့်။ နောက်ပိုင်းကျ pocket money ကိုအသုံးပြုပြီး အလှူခံခဲ့ပေမဲ့ မကြာသေးမီမှာ K-Pay ကနေ pocket money ကို ဖြုတ်ချလိုက်တဲ့အတွက် ခက်ခဲတာတော့ ရှိတာပေါ့ရှင်။ အခုချိန်မှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်တာကလည်း wave kpay ပဲ လွယ်ကူနေတော့ ညီမတို့ ရင်တထိတ်ထိတ်နဲ့ပဲ အလှူခံနေရတာပေါ့ရှင်။ ညီမတို့လည်း NUG pay ကိုယ်စားလှယ်ကို ချိတ်ပေးပြီး NUG pay ဖွင့်ဖို့ အကူအညီပေးနိုင်အောင် ညီမတို့ ကြိုးစားပေးနေပါတယ်ရှင့်။”

K-Pay ကနေ Pocket money ဖြုတ်ထားတဲ့အကြောင်းနဲ့ပတ်သက်လို့ KBZPay ကို မေးမြန်းကြည့်ရမှာတော့ Pocket Money လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်နေတဲ့အတွက် လက်ရှိမှာ အသုံးမပြုနိုင်ကြောင်း ပြန်လည်ဖြေကြားပါတယ်၊

၂၀၂၃ ဇွန်လအထိ kpay အက်ပလီကေးရှင်းကို ဒေါင်းလုပ်ရယူထားသူ ၁၂ ဒသမ ၄ သန်းရှိနေပြီး အချက်အလက် အတိအကျပေးသွင်းကာ အသုံးပြုနေတဲ့ အသုံးပြုသူပေါင်း ၈ ဒသမ ၂ သန်းရှိတယ်လို့ ဒီဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာတွေမှာ နည်းပညာအသစ်၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကောင်အထည်ဖော်ရေး လုပ်ဆောင်ပေးနေတဲ့  Fintech Singapore ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013