Home
နိုင်ငံတကာ
ထိုင်းတွင် နေ့စားလုပ်ခ ဘတ် ၄၀၀ တိုးပါက အလုပ်အကိုင်များ ဆုံးရှုံးနိုင်ဟု သတိပေး
DVB
·
May 20, 2024
A general view of a street, in Bangkok

ထိုင်းဖွေ့ထိုင်းပါတီအစိုးရကသာ အနိမ့်ဆုံးလုပ်ခလစာကို ဘတ် ၄၀၀ သတ်မှတ်လိုက်ရင် ပြောင်းပြန်သက်ရောက်မှုရှိလာနိုင်တယ်လို့ စီးပွားရေးကဏ္ဍ အဖွဲ့အစည်းတွေက ထောက်ပြထားတယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။

သတ်မှတ်ဈေးထက်လျှော့ယူတဲ့ ရွှေ့ပြောင်းလုပ်သားတွေဆီ အလုပ်တချို့ ရောက်သွားနိုင်ပြီး ထိုင်းနိုင်ငံသားတချို့ အလုပ်လက်မဲ့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

တနိုင်ငံလုံး တပြေးညီ နေ့စားလုပ်ခ တိုးတဲ့ မူဝါဒဟာ လူနေမှုစရိတ်အပေါ် မူတည်သတ်မှတ်ထားတဲ့ ဒေသအလိုက် အနိမ့်ဆုံး လုပ်ခလစာစနစ်နဲ့ မကိုက်ညီဘူးလို့လည်း ထောက်ပြကြပါတယ်။

ဥပမာအားဖြင့် လက်ရှိ ထိုင်းနိုင်ငံ မလေးနယ်စပ်မှာ အနိမ့်ဆုံးလုပ်ခက ဘတ် ၃၃၀ ဖြစ်ပြီး ဖူးခက်မှာက အနိမ့်ဆုံး ဘတ် ၃၇၀ ဖြစ်ပါတယ်။

အနိမ့်ဆုံးနေ့စားခ တိုးတာကို အလုပ်သမားအများစုက ကြိုဆိုပေမဲ့ ငွေကြေးဖောင်းပွမှု မြင့်လာနိုင်တာ၊ လုပ်ငန်းငယ်တွေအတွက် ခက်ခဲလာနိုင်တာတွေကိုလည်း သုတေသနအဖွဲ့တွေက ထောက်ပြထားပါတယ်။

၂၀၁၃ တုန်းကလည်း ယဉ်လတ်ရှင်နာဝပ်ရဲ့ ဖွေ့ထိုင်းအစိုးရဟာ တနိုင်ငံလုံး အနိမ့်ဆုံး လုပ်ခကို ဘတ် ၃၀၀ အထိ တိုးပေးမဲ့ မူဝါဒကို အကောင်အထည် ဖော်ခဲ့ပါတယ်။

၂၀၂၇ မှာ အနိမ့်ဆုံးလုပ်ခ ဘတ် ၆၀၀ အထိ တိုးပေးနိုင်ဖို့ လက်ရှိဖွေ့ထိုင်းအစိုးရက ရည်ရွယ်ထားပါတယ်။

စီးပွားကူးသန်း၊ စက်မှုနဲ့ ဘဏ်လုပ်ငန်းပူးတွဲကော်မတီ (JSCCIB) အပါအဝင် လုပ်ငန်းရှင်တွေနဲ့ ပတ်သက်တဲ့အဖွဲ့တွေကတော့ ဒီလိုတိုးလိုက်ရင် ထိုင်း GDP ရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရှိတဲ့ ပို့ကုန်ကဏ္ဍမှာ အဓိက အထိနာမယ်လို့ သတိပေးထားပါတယ်။

ထိုင်းကုန်သွယ်စက်မှု အသင်းချုပ်ကလည်း လုပ်ခပိုတိုးရင် ကုန်ထုတ်လုပ်သူတွေဟာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေကို ရွှေ့ကုန်မယ့် ပြဿနာနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဆွဲဆောင်ဖို့ ခက်ခဲမယ်လို့ သတိပေးထားပါတယ်။

Source/Photo - REUTERS/Jorge Silva

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013