Home
မြန်မာသတင်း
လွိုင်ကော်ထောင်တွင် အကျဥ်းသားများ စားသောက်ရေးအခက်တွေ့ 
DVB
·
May 20, 2024
LoiKawPrinson 1_20052024
LoiKawPrinson_20052024

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဥ်းထောင်ထဲမှာရှိတဲ့ အကျဥ်းသားတွေအတွက် စားသောက်ရေးမှာ အခက်အခဲတွေရှိနေပြီး ထမင်းနဲ့ ငါးပိကိုသာ စားသုံးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)က မေ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် အကျဥ်းသားတွေကို ထောင်ဝင်စာပေးပို့ဖို့ ပိတ်ပင်လိုက်ပြီး ထောင်က ဆန်ကြမ်းနဲ့ ငါးပိကိုပဲ ကျွေးတယ်လို့ ဆိုပါတယ်။

PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက "အကျဥ်းသားတွေက အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်နေတာကို မြင်ရတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အကျဥ်းထောင်ထဲမှာ အစားအသောက် မလုံလောက်မှုတွေနဲ့ ရေရှည်နေရတော့ ကိုယ်ခံအား ကျဆင်းတာတွေ ဖြစ်လာတယ်။ အကျဥ်းထောင်ထဲကို အစားအသောက်ပို့လို့မရဘဲ ပို့သမျှကလည်း သူတို့လက်ထဲ မရောက်တာတွေ ပြန်ကြားရတယ်။ ဒီအခြေအနေက အင်မတန်စိုးရိမ်ရတယ်ပေါ့နော်"လို့ ပြောပါတယ်။

အကျဥ်းထောင်မှာ တပ်စွဲထားတဲ့ စစ်တပ်ကိုယ်တိုင်က ရိက္ခာကို ချွေတာ စားသောက်နေရတာဖြစ်တာကြောင့် တပတ်ကို တခါသာကျွေးတဲ့ အသားဟင်းနဲ့ ပဲဟင်းကိုတောင် မကျွေးတော့တာဖြစ်လို့  အကျဥ်းသားတွေအတွက် ပိုပြီး ခက်ခဲကျပ်တည်းတဲ့ အခြေအနေဖြစ်နေပြီး ဗီတာမင်ဓာတ်ချို့တဲ့ဒဏ်တွေကို အကျဥ်းသားတွေ ခံနေရတယ်လို့ သိရပါတယ်။

အာဟာရပြည့်ဝမှုမရှိတာအပြင် အချုပ်ခန်းပြင်ပမှာ သွားလာရမှု နည်းပါးတာတွေ၊ လေ့ကျင့်ခန်းလုပ်ရချိန် နည်းပါးတာတွေကြောင့် အကျဥ်းထောင်အခေါ် တုတ်ဆွဲတာတွေ ဖြစ်ပေါ်နေပြီး ခန့်မှန်းအရေအတွက်အနေနဲ့ အယောက် ၅၀ ကျော်အထိရှိနေပြီလို့ ဆိုပါတယ်။

PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက "အစာအာဟာရ လျော့နည်းတဲ့ ထမင်းကြမ်းနဲ့ ငါးပိကိုပဲ ၆ လလောက်စားနေရတဲ့အတွက် ရေရှည်မှာဆိုရင် အသက်ရှင်သည့်တိုင်အောင် ဆိုးရွားတဲ့ တုတ်ဆွဲမှုတွေကြောင့် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘဲ ဘေးတစောင်းသွားရတာတွေ ဖြစ်လာတယ်ပေါ့နော်။ လက်ရှိဆိုရင် အိမ်သာတက်ရတာ၊ အပေါ့သွားရတာကအစ ခက်ခဲတာတွေရှိလာတာပေါ့နော်"လို့ ပြောပါတယ်။

ကာလရှည်ကြာ အာဟာရချို့ယွင်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်းတွေကြောင့် ​အကျဥ်းသားတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်သန်ရေး အန္တရာယ်ရှိလာတာကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်း ပြည်ပက ပြည်သူတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)အနေနဲ့ ကျန်းမာရေးပိုင်းနဲ့ စားသောက်ရေးပိုင်းဆိုင်ရာအတွက် အာရုံစိုက် ဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013