စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တနိုင်ငံလုံး တိုင်းအတာအနေနဲ့ လူဦးရေနဲ့ သန်းခေါင်စာရင်းကို ကောက်ယူမယ်လို့ ကြေညာလိုက်ပြီး ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အချက်အလက်တွေကိုပါ ရယူမှာဖြစ်တဲ့အတွက် သတိကြီးကြီး ထားရမယ့်ကိစ္စဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
အောက်တိုဘာ ၁ ရက်မှာ ကောက်ယူတဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရှိန်မြှင့်လာမှာကို တားဆီးဖို့အတွက် မဖြစ်မနေ ရွေးကောက်ပွဲလုပ်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့လည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောပါတယ်။
ဒါ့အပြင် အခုကောက်ယူမယ့် လူဦးရေနဲ့ သန်းခေါင်စာရင်းဟာ စစ်ကောင်စီဘက်က ၂၀၂၅ ခုနှစ်ထဲမှာ မဖြစ်မနေကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် အရေးပါလာမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံအနှံ့ စစ်ပွဲဧရိယာ ကျယ်ပြန့်နေတာကြောင့် တနိုင်ငံလုံးနဲ့ယှဉ်ပြီး တိကျတဲ့ အချက်အလက်တွေတော့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဟာ မှန်ကန်တဲ့ မဲစာရင်းတွေကို အခြေခံရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူဖို့ လိုအပ်တယ်ဆိုပြီး အဲဒီအချိန်ကတည်းက ကြိုတင်ပြင်ဆင်ပြီး မြို့နယ်တချို့မှာ စမ်းသပ် သန်းခေါင်စာရင်းကို ပဏာမကောက်ယူမှုတွေ လုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုလို သန်းခေါင်စာရင်းကောက်ယူဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာန ညှိနှိုင်းရေးမှူးက အာဏာသိမ်းစစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တွေ့ဆုံချိန်မှာ ကတိပြုခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းဖြစ်နေချိန်မှာ မဖြစ်မနေလိုအပ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ အရေးတကြီးလိုအပ်နေတဲ့ သန်းခေါင်စာရင်း ကောက်ယူရေးဟာ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကကောက်ယူခဲ့တဲ့ လူဦးရေထက်တော့ လျော့နည်းသွားနိုင်တယ်လို့လည်း အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
ဦးသိမ်းကြည် ဥက္ကဋ္ဌ “အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့အတွက် ရည်ရွယ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုဟာ တနိုင်ငံလုံးကို လွှမ်းခြုံပြီး ကောက်ယူနိုင်ဖို့ ခက်ခဲသလို မဲရုံတွေကို စောင့်ကြည့်မယ့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေဟာလည်း အကန့်အသတ်တွေ ရှိလာနိုင်တဲ့အတွက် စစ်ကောင်စီဘက်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာလည်း ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှုရှိနိုင်မလဲ ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်လာနိုင်တယ်” လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောဆိုပါတယ်။
၂၀၁၄ ခုနှစ်မှာ ၃၀ ရက်ကနေ ဧပြီ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ တနိုင်ငံလုံး အတိုင်းအတာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ ကောက်ခံသူပေါင်း ၉၀၀ ကျော်က အိမ်ထောင်စုပေါင်း ၁၂ သန်းကျော်ကို ကောက်ယူခဲ့တာဖြစ်ပြီး လူဦးရေ ၅၁ သန်းကျော်ရှိပါတယ်။
အောင်သူ