Home
မြန်မာသတင်း
သံတွဲ၊ သထုံနှင့် ကလေးမြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံး 
DVB
·
May 20, 2024
ThanTweSACShoot_20052024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ထိမှန်လို့ ကလေး တဦးသေဆုံး၊ ကလေး တဦးအပါအဝင် ၂ ဦးဒဏ်ရာရပြီး တိုက်ပွဲကြားမှာလည်း ဒေသခံ ၂ ဦး သေဆုံးသွားပါတယ်။

သူဌေးတိုက်နယ်၊ ခမောင်းတုန်းရွာကို  မေ ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒေသခံတယောက်က “ကလေးတယောက်က နေရာမှာပဲသေတယ်။ နောက်ထပ် ကလေးတယောက်နဲ့ ယောကျ်ားတယောက်က ဒဏ်ရာရတယ်။ ကလေးက ၅ နှစ်လောက်ပဲ ရှိဦးမယ်။ ခြေထောက်တွေ လက်တွေမှာ ဒဏ်ရာတွေအများကြီးပဲ။ ယောကျ်ားမှာတော့ ကျောကုန်းကို ဖောက်သွားတဲ့ ဒဏ်ရာ။ သံတွဲက လူမှုရေးအသင်းကားနဲ့ သံတွဲဆေးရုံကို ပို့ထားတယ်” လို့ ပြောပါတယ်။

သံတွဲမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေလည်း မကောင်းတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးပါဘူး။

သူဌေးတိုက်နယ်နဲ့ သံတွဲမြို့ကို သွားလာရာလမ်းမှာလမ်း AA နဲ့ တိုက်ပွဲတွေ ရှိနေတာကြောင့် ဖြတ်သန်းသွားလာလို့ မရဘဲ လူနာတွေကို ကျေးရွာချင်းဆက်လမ်းတွေကနေ အဆင့်ဆင့် သယ်ယူခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “လက်နက်ကြီးက သံတွဲမှာ နေရာတွေအများကြီးမှာ ထိုင်ထားတာ။ သံတွဲအထွက် ဘားတောင်းတောင်ကတော့ အတွဲလိုက် ခဏခဏ ပစ်တယ်။ နေဗီကလည်း ပစ်တယ်။ ခုဟာက ဘယ်ကနေပစ်တာလဲတော့ သေချာ မသိရသေးဘူး။ နေ့လယ်ပိုင်းက ရဟတ်ယာဉ်တစင်းလည်းလာတယ်။ လက်နက်ကြီးတွေကတော့ ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။

သူဌေးတိုက်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ အကျအဆုံးများပြီး အခုတော့ သံတွဲမြို့ဘက်က ကျေးရွာတွေဘက်ကို ဆုတ်ခွာလာတယ်လို့လည်း သိရပါတယ်။

မေ ၁၈ ရက်က တိုက်ပွဲအတွင်းမှာတော့ သူဌေးတိုက်နယ်၊ လင်းသီရွာက အမျိုးသားတယောက်နဲ့ ရွှေလှေရွာက အမျိုးသားတယောက်တို့ ကျည်ထိမှန်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပြီး ဆက်သွယ်ရေးခက်ခဲတာကြောင့် အသေးစိတ်တော့ မသိရသေးပါဘူး။

အေအေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်နေ့တိုင်းပစ်ခတ်နေသလို ဒေသခံတွေရှိရာကို ကျရောက်ပေါက်ကွဲပြီး အစုအပြုံလိုက်လည်း သေဆုံးနေတာပါ။

မေ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်တောင်မော်ကျေးရွာက ဒေသခံ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃ ဦး ကိုလည်း ဆေးရုံကိုပို့နေတုန်း လမ်းမှာ သေဆုံးခဲ့ပါတယ်။

မေ ၁၄ ရက်နေ့ညပိုင်းကလည်း ဘားတောင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လင်းသီရွာက ပြည်သူ ၁၀ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ကလေးနယ် ရှားဖိုရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုရွာမှာလည်း မေ ၁၉ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုသား တဦး သေဆုံးပြီး အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှားဖိုရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီက ရှားဖိုရွာနဲ့ ၃ မိုင်ခွဲခန့်အကွာ စစ်ကောင်စီလက်အောက်ခံကြံသာရွာကနေ ရှားဖိုရွာဘက်ကို ၁၂၀မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ရှားဖိုရွာက အသက် ၃၂ နှစ်အရွယ် ကိုဇော်မျိုးလွင်ဟာ ဝမ်းဗိုက်မှာ ဒဏ်ရာရရှိကာသေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ အသက် ၃၈ နှစ်အရွယ် မသီတာအေးကလည်း ပေါင်မှာထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါ။

ရှားဖိုရွာခံအမျိုးသမီးတဦးက “ညက ရွာအရှေ့ပိုင်း အမှတ် ၅မှာလက်နက်ကြီး ကျတာ။ လက်နက်ကြီး အေးအေးတို့အိမ်ရှေ့ သရက်ပင်ကို မှန်တာလေ။ သရက်ပင်ကနေ ယမ်းစတွေက သူတို့အိမ်ထဲဝင်တာမှာ သူတို့ထိတာ။ ဇော်မျိုးလွင်ကတော့ ဗိုက်ပွင့်ပြီး နံရိုးတွေရော ကျိုးသွားတာ ဒီမနက် ဆေးရုံမှာ ဆုံးသွားတယ်။ သူ့မိန်းမကတော့ ဆေးရုံတက်နေရတုန်း။ သူတို့မှာ ၉ လသားအရွယ်ကလေး ရှိသေးတယ်။ ကလေးကတော့ ဘာဒဏ်ရာမှ မရဘူး” လို့ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရှားဖိုရွာဘက်က ပြည်သူတွေနေတဲ့ဆီကို လက်နက်ကြီးနဲ့ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာတော့ မသိကြရဘူးလို့ ဒေသခံတွေက ပြောဆိုကြသလို စစ်ကောင်စီကလည်း တစုံတရာထုတ်ပြန်တာမျိုး မရှိပါဘူး။

မေလ ၁၇ ရက် ည ၉ နာရီဝန်းကျင်က တင်သားရွာနဲ့ ၃ မိုင်အကွာ စစ်ကောင်စီ‌တပ်စွဲရာ ကြံသာရွာကနေ စစ်ကောင်စီက တင်သားရွာဘက်ကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တင်သားရွာ အမှတ် ၁ ရပ်ကွက်က ဦးဝင်းမောင်ဟာလည်း လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်လည်း မေ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်အခြေစိုက် ခမရ ၉ တပ်ရင်းက မေ ၁၈ ရက် ညနေ ၄ နာရီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ KNU ပိုင်တဲ့ သထုံမြို့နယ်ထဲရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး သုံးအိမ်စုရွာထဲမှာ ၂ လုံး၊ ထုံးဘိုလေးရွာနားမှာ ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သုံးအိမ်စုရွာမှာ နေထိုင်တဲ့ အသက် ၄ နှစ်အရွယ် နော်ပေါက်ပေါက်၊ အသက် ၄၂ အရွယ် စောပဲ့ဖိုးနဲ့ အသက် ၃၅ နှစ်အရွယ် နော်အိဖြူတို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃လုံးနဲ့ သုံးဘီးတစီးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒေသခံတဦးက “တိုက်ပွဲမရှိဘဲ ရွာတွေထဲကို လက်နက်ကြီး‌တွေနဲ့ ပစ်တာပါ။ ထုံးဘိုလေးရွာနားမှာ လက်နက်ကြီး ၃ လုံး ကျပေမဲ့ ထိခိုက်မှုမရှိပါဘူး။ သုံးအိမ်စုရွာထဲ ကျသွားတဲ့ ၂ လုံးက ၃ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။ အိမ် ၃ လုံးနဲ့ သုံးဘီးတစီး ပျက်စီးတယ်” လို့ ပြောပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေပဲ ရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်ကလည်း ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေး ၂ ဦး ဒဏ်ရာရပြီး အိမ် ၅ လုံးနဲ့ သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့ပါတယ်။

Photo-KNU ၊ စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများ ကျေးရွာအနီး ကျရောက်ပေါက်ကွဲနေပုံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024