အာဖဂန်နစ္စတန်အလယ်ပိုင်းက ဘာမီးယန်းပြည်နယ်မှာ သေနတ်သမားတွေလက်ချက်နဲ့ စပိန်ခရီးသွား ၃ ဦး အသတ်ခံရတယ်လို့ စပိန်နိုင်ငံခြားရေးဌာနနဲ့ တာလီဘန်အစိုးရက ထုတ်ပြန်ပါတယ်။
အာဖဂန်နိုင်ငံသားတဦးပါအသတ်ခံရပြီး နိုင်ငံခြားသား ၄ ဦး၊ အာဖဂန် ၃ ဦး ဒဏ်ရာရတယ်လို့ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ ၄ ဦးကို ဖမ်းထားတယ်လို့ တာလီဘန်ပြည်ထဲရေး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဒီရာဇဝတ်မှုကို ရှုတ်ချကြောင်းနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် စာနာမိကြောင်း၊ ရာဇဝတ်ကောင်တွေကို အမိဖမ်းပြီး အပြစ်ပေးမှာဖြစ်ကြောင်း တာလီဘန်တွေက ထုတ်ပြန်ပါတယ်။
မေ ၁၇ ရက်ညနေပိုင်း တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ ဝန်ခံမထားပါဘူး။ တောင်ထူထပ်တဲ့ ဘားမီးယန်းဒေသဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်ပြီး ၂၀၀၁ ခုနှစ်တုန်း တာလီဘန်တွေ ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တဲ့ ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူရဲ့ အစိတ်အပိုင်းတွေ ကျန်ရှိရာနေရာလည်းဖြစ်ပါတယ်။
၂၀၂၁ မှာ အာဖဂန်ကို တကျော့ပြန်သိမ်းနိုင်တဲ့ တာလီဘန်တွေဟာ လုံခြုံရေးပြန်တည်ဆောက်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ပါဝင်ရောက်ခွင့်ပေးနေပါတယ်။
ဘားမီးယန်းရုပ်ပွားတော်ကြီးတွေ တည်ရှိခဲ့ရာနေရာကို လာရောက်လည်ပတ်ဖို့ လက်မှတ်တွေတောင် ရောင်းချပေးနေပါတယ်။
အခုလို အာဏာရလာတဲ့ တာလီဘန်တွေက ပျော့ပြောင်းတဲ့ သဘောထားတဲ့ နိုင်ငံတကာကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေချိန်မှာ အိုင်အက်စ်လို အဖွဲ့တွေက နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။
၂၀၂၂ တုန်းကလည်း ကဘူးလ်မြို့မှာ တရုတ်စီးပွားရေးသမားတွေ တည်းခိုမှုများတဲ့ ဟိုတယ်မှာ အိုင်အက်စ်တွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။
Source/Photo - Reuters