ကချင်ပြည်နယ်၊ လိုင်ဇာအနီးက ဖွန်လွမ်ယန် စစ်ရှောင်စခန်းမှာ ကလေးငယ်တယောက် ချောင်းထဲဆင်းရင်း ဓာတ်လိုက်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
မေ ၁၅ ရက် နေ့လယ်ပိုင်းက မီးကြိုးပြတ်ကျနေတဲ့ ချောင်းထဲဆင်းရာကနေ ကလေးငယ် ဓာတ်လိုက်သေဆုံးသွားတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
မွန်းလွဲ ၂ နာရီလောက်မှာ ရေချိုးမယ်ဆိုပြီး ချောင်းထဲဆင်းချိန် ရေထဲ တွဲလောင်းကျနေတဲ့ မီးကြိုးကနေ ရေထဲကို လျှပ်စစ်တွေ စီးဝင်နေတာကြောင့် ဓာတ်လိုက်သေဆုံးတာလို့ စစ်ရှောင်တယောက်က ပြောပါတယ်။
ဒေသခံတယောက်က “တွေ့တွေ့ချင်း မီးကြိုးဖယ်ပြီး မြန်မြန်ပွေ့လာတာလည်း အသက်က ကယ်လို့ မရတော့ဘူး။ ဆုံးနေပြီ” လို့ ပြောပါတယ်။
၄ နာရီလောက် အကြာမှာ ရှာတွေ့လို့ အသက်ကယ်ဖို့ နောက်ကျသွားတာလို့ သူက ပြောပါတယ်။
ဓာတ်လိုက် သေဆုံးသွားတဲ့ ကလေးက အသက် ၉ နှစ်အရွယ် လဘန်လုကာဆန်အောင် ဖြစ်ပြီး သူ့အမေနဲ့အတူ တခြားရွာဘက်ကနေ ဖွန်လွမ်ယန် စစ်ရှောင်စခန်းဘက်ကို ဦးလေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကို လာကြတာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာတော့ စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး မေ ၁၇ ရက်နေ့ မနက်ပိုင်းက ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြေပုံမြို့နယ်၊ မြိုင်သာယာကျေးရွာအရှေ့ဘက်ကားလမ်းမှာ မြိုင်သာယာကျေးရွာက အသက် ၆၀ ကျော်အရွယ် ဦးမောင်သာနုဟာ ထင်းခွေသွားရင် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန် မြေမြှုပ်မိုင်းကို နင်းမိပေါက်ကွဲပြီး ခြေထောက် ၂ ဖက်လုံးပြတ်ထွက်သွားခဲ့တာပါ။
သူ့ကို ဆေးရုံကိုပို့ဆောင်ရင်း လမ်းမှာပဲ သေဆုံးသွားပြီး ရသေ့တောင်မြို့နယ်မှာလည်း မေ ၁၅ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ စစ်ကျန် မြေမြှုပ်မိုင်နင်းမိလို့ ပြည်သူတယောက်သေဆုံး၊ တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Photo - စစ်ရှောင်ပြည်သူ တဦး