မြန်မာကလေးငယ်တွေအတွက် ရည်ရွယ်ပြီး မဲဆောက်မြို့မှာ (ဇီ၀ဇိုး)ရွေ့လျား စာကြည့်တိုက်ကို ဖွင့်လှစ်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ပြည်သူတွေ၊ CDM တွေဟာ လွတ်မြောက်ရာနေရာတွေကို ရွှေ့ပြောင်းနေထိုင်လာခဲ့ရပါတယ်။
အခုဆိုရင် ၃ နှစ်ကျော်လာပြီဖြစ်တာကြောင့် တချို့ကလေးငယ်တွေ မြန်မာစာအုပ်တွေနဲ့ အလှမ်းဝေးလာပြီး မြန်မာစာကို မေ့တော့မယ့် အနေအထားကို ရောက်ရှိလာနေပါတယ်။ ကလေးတွေ စစ်ဘေးရှောင်နေတုန်းမှာ မြန်မာစာ ပုံနိုပ်စာလုံးလေးတွေကို မြင်တွေ့ပြီး မြန်မာစာအုပ်တွေကို ဖတ်စေလိုတာကြောင့် ရွေ့လျားစာကြည့်တိုက်ကို စီစဥ်ခဲ့ကြတာလို့ တည်ထောင်သူတယောက်ဖြစ်တဲ့ ပေါက်ခေါင်းမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုသက်မင်းဇော်က ပြောပါတယ်။
“ဒီမှာက Migrant ကျောင်းသားတွေရှိတယ်၊ စစ်ဘေးရှောင်တွေ၊ မိသားစုတွေရှိတယ်၊ နိုင်ငံရေးအရ ရောက်လာခဲ့တဲ့သူတွေရှိတယ်၊ အဲ့ဒီလူတွေကို စာဖတ်စေချင်လို့ပါ။ စာဖတ်စေချင်တယ်ဆိုကလည်း မြန်မာစာက ဒီဘက်မှာ တအားဝေးတယ်လေ။ ဒါကြောင့် မြန်မာပုံနိုပ်စာလုံးလေးတွေကို သူတို့တွေ့မြင်ပြီး ဖတ်ခွင့်ရရင်သူတို့လည်း ကျေနပ်လိမ့်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်သွားတာပါ၊ အခုခေတ်က ဖုန်းတွေပေါ်လာတော့ လူငယ်တွေအများစုက ဖုန်းထဲမှာပဲ အချိန်ကုန်နေကြတာ။ ကျနော်တို့ ငယ်ငယ်ကဆိုရင် မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေနဲ့ပဲ ကြီးပြင်းခဲ့ရတာ။ အဲ့ဒီအရသာကိုလည်း အခုခေတ်လူငယ်တွေ သိစေချင်တာ။ အဓိက က စာဖတ်စေချင်တာ နဲ့ မြန်မာစာနဲ့ မြန်မာစကားကို စာအုပ်တွေထဲကနေ ကြေကြေညက်ညက် ဖြစ်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့အခုလို ဇီ၀ဇိုး Mobile Library လေးကို လုပ်ဖြစ်သွားတာပါ။”
အရင်ကတော့ ဒီစာကြည့်တိုက်လေးကို မဲဆောက်မြို့ရဲ့ IDP ကျောင်းတခုမှာ အထိုင်ချပြီး ဖွင့် လှစ်ထားခဲ့တာပါ။ နောက်ပိုင်း ရွှေ့ပြောင်းမြန်မာတွေ များလာပြီး အများစုက အကြောင်းအမျိုးမျိုးကြောင့် အပြင်သိပ်မထွက်ရဲကြတာကြောင့် စာကြည့်တိုက် တည်ထောင်သူတွေက မြန်မာတွေ အများစုနေထိုင်ရာနေရာတွေ Save House တွေ၊ CDM တွေ စုနေတဲ့နေရာတွေကို ကားတစီးနဲ့ အိမ်တိုင်ရာရောက်လိုက်ငှားပေးကြဖို့ စီစဥ်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့လို အိမ်တိုင်ရာရောက်လာငှားတဲ့အတွက် မြန်မာစာနဲ့ ဝေးနေတဲ့ ကလေးငယ်တွေအတွက် အရမ်းအကျိုးရှိတယ်လို့ ကလေးမိခင် CDM တယောက်က ပြောပါတယ်။
“ဒီလိုအချိန် ဒီလိုကာလမျိုးမှာ မြန်မာစာကို ဖတ်ဖို့ဆိုတာက အခွင့်အရေးနည်း လွန်းပါတယ်။ အခု သူတို့ လုပ်ပေးလို့ အခုလို အိမ်တိုင်ရာရောက်လာပြီး စာအုပ်ငှားပေးတာကို အရမ်းအကျိုးရှိပါတယ်။ ကလေးက အရမ်းငယ်သေးတော့ အရင်ကဆို ရှိတဲ့ ပုံပြင်စာအုပ်လေးတွေပဲ ဖတ်ခဲ့ရတာ။ အခုဆိုရင် သူတို့မှာ ကာတွန်းတွေ၊ ပုံပြင်စာအုပ်တွေလည်း အများကြီးပါလာတော့ ကလေးတွေ မြန်မာစာနဲ့ စာတွေ ပြန်ဖတ်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။”
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ စာဖတ်ချင်သူတွေအများစုက ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေကို Online ကနေ မှာယူပြီး ဖတ်ရပါတယ်။ အခုလိုမျိုး ၀ယ်ဖတ်နေရတဲ့အချိန်မှာ အိမ်ရှေ့အထိ လာပြီး စာအုပ်ငှားပေးတော့ စာဖတ်ချင်သူတွေအတွက် အရမ်းကို အဆင်ပြေတယ်လို့ စာဖတ်သူ ကိုကျော်ကြီးက ပြောပါတယ်။
“ဒီမှာ ကျနော်တို့ အများစုက တရားမဝင်နေနေရတာဆိုတော့ စာအုပ်၀ယ်ဖို့ အပြင်ဘက်ကို ထွက်ချင်တိုင်းထွက်လို့မရပါဘူး။ တခြားနည်းလမ်းအနေနဲ့ကတော့ Online ကနေမှာပြီး ၀ယ်လို့တော့ ရပါတယ်။ ဈေးတော့ နည်းနည်းကြီးတဲ့အတွက် လူတိုင်း အခုအချိန်မှာ ၀ယ်မဖတ်နိုင်ကြပါဘူး။ အခုတော့ အိမ်ရှေ့အထိလာပြီး စာအုပ်ငှားပေးတော့ တော်တော်ကြီးကို အဆင်ပြေတာပါ။”
စာအုပ်ငှားမဲ့သူတွေဟာ Member ကတ်လုပ်ရပြီး အဲ့ဒီကတ်အတွက် တနှစ်လုံးကို ၁၀ ဘတ်ပေးသွင်းရကာ တပတ်ကို စာအုပ် ၂ အုပ်ငှားခွင့်ရပါတယ်။
ဇီ၀ဇိုးစာကြည့်တိုက်ကလေးကို စာအုပ်ပေါင်း ၅၀၀၀ ကျော်နဲ့ လည်ပတ်နေပြီး အိမ်တိုင်ရာရောက် လိုက်ငှားပေးဖို့ကိုတော့ ကားတစီးကိုအသုံးပြုထားပြီး စာအုပ် ၈၀၀ ကနေ ၁၀၀၀ အထိ သယ်ယူသွားနိုင်ပါတယ်။
စာကြည်တိုက်ရေရှည်ရပ်တည်ဖို့ကို နိုင်ငံခြားရောက် မြန်မာနိုင်ငံသား ၁၀ ယောက်က တလကို ဒေါ်လာ ၁၀၀ ပုံမှန်လှူဒါန်းပေမဲ့ စာအုပ်အလှူရှင်တွေ လိုအပ်နေဆဲပဲလို့ သိရပါတယ်။
မင်းညို