Home
မြန်မာသတင်း
ရွှေဘိုမြို့မရဲစခန်းနှင့်တရားရုံး ဗုံးကြဲခံရပြီး ၈ ဦးသေဆုံး၊ စစ်တပ်မီးရှို့မှုကြောင့် သာယာကုန်း ရွာလုံးကျွတ်နီးပါး ပျက်စီး
DVB
·
May 17, 2024
bomb 1752024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က မြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးတို့ကို မေ ၁၆ ရက်၊ ညနေ ၃ နာရီခွဲ၀န်းကျင်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီလက်အောက်ခံ အရာရှိတွေ အပါအဝင် ၈ ဦး သေဆုံးသွားပြီး ဒဏ်ရာရတဲ့သူတွေလည်း များပြားတယ်လို့ ဗိုလ်ကျားရိုင်း - ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘို) ဆီကနေ သိရပါတယ်။

ဗိုလ်ကျားရိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘို) ရဲ့ တာ၀န်ရှိသူတဦးက “ရွှေဘိုမြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံး ၂ နေရာကို ဒရုန်းတွေနဲ့ ဗုံး ၅ လုံးကြဲချခဲ့တာ ပစ်မှတ်တွေကို ထိတယ်။ ကျနော်တို့ အနေနဲ့ ရုန်း ၁ စီး ဆုံးရှုံးလိုက်ရတယ်။ စစ်ကောင်စီဘက်က စစ်ဗိုလ်တယောက်နဲ့ ဒုရဲအုပ်တယောက် အပါအဝင် စုစုပေါင်း ၈ ဦး သေပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေရရှိသွားကြလို့ ရွှေဘိုဆေးရုံကြီးက လူနာတင်ကားတွေနဲ့ သယ်နေတယ်လို့ မြေပြင်ကနေ သတင်းပို့လာတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရွှေဘိုမြို့၊ မြို့မရဲစခန်း၊ မြို့နယ်တရားရုံး နဲ့ ရွှေဘိုဆေးရုံကြီးတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ဆေးရုံနဲ့နီးစပ်သူတဦးက  “ဆေးရုံက Ambulance ၉ စီးနဲ့ ၂ ခေါက် ၃ ခေါက်သယ်ရတယ်။ ဒဏ်ရာ ရတဲ့သူတွေထဲက သေဆုံးနိုင်ခြေရှိတဲ့သူတွေပါတယ်။ ဒဏ်ရာရတဲ့သူတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး ကုပေးဖို့ စစ်တပ်ကဖိ အားပေးထားတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့က မြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးတို့ကို ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့သတိထားရှောင်ရှားပေးကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အထူးလိုက်နာပေးလို့ လိုအပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ​သတိပေးပြောဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို)၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့၊‌ Drop For Justice-DFJ၊ Flying Dragon Force၊ တာနောယက္ခ-ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ FFF-NK Drone၊ ရွှေဘိုအားမာန်-မြို့ပြပျောက်ကျားနဲ့ သိင်္ခအားမာန်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက သာယာကုန်းကျေးရွာကို မေ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့လို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် နေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သာယာကုန်းကျေးရွာမှ ဘာသာရေးဆရာတဦးက “အရင်ရက်တွေတုန်းကတော့ ရွာထဲကို လက်နက်ကြီးကျည်တွေ ခဏခဏကျလို့ အိမ်တွေ မီးလောင်ပျက်စီးခဲ့တာ ရှိတယ်။ ဒါပေမဲ့ ဒီလောက်မဆိုးရွားဘူး။ အခုဟာ တညလုံးနီးပါး လောင်တာဆိုတော့ တရွာလုံးအပြောင်ပဲ။ ဘုရားကျောင်းပါ လောင်သွားတာ” လို့ DVB ကို ပြောပါတယ်။

သာယာကုန်းကျေးရွာ ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ရွာက အကုန်ထွက်ပြေးကြရတာဆိုတော့ လူနဲ့ တိရစ္ဆာန် အသေအပျောက်တော့ မသိရသေးဘူးလေ။ ရွာလုံးကျွတ် ထွက်ပြေးကြတော့ ထွက်ပြေးကြတဲ့သူတွေလည်း လူစုတွေ ကွဲနေကြပြီ။ တချို့ဆို မိသားစုချင်းတွေကို လူစုကွဲလို့” လို့ ပြောပါတယ်။

ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ နေ့စဥ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အပါအဝင် ဒရုန်းတွေနဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေပြီး လေယာဥ်နဲ့ပါ ဗုံးကြဲနေသလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး မီးတင်ရှို့ခဲ့တာကြောင့် လူနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ သာယာကုန်းကျေးရွာဟာ ချင်းလူမျိုးတွေ နေထိုင်ပြီး အိမ်ခြေ ၄၀၀ နီးပါးရှိကာ လူဦးရေ ၁,၅၀၀ ဝန်းကျင်ရှိတဲ့ ရွာတရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo .... ဗိုလ်ကျားရိုင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013