စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ အခု မေလအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၆၀၀၀ ကျော်ရှိပြီး သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)က အစီရင်ခံ ထုတ်ပြန်ပါတယ်။
ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ သရက်ချောင်းမြိုု့နယ်နဲ့ လောင်းလုံမြို့နယ်ဘက်မှာ ရှိတဲ့ဒေသတွေမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအကြားဖြစ်ပွားတဲ့ စစ်ရေပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ နိုင်အဲမွန်က ပြောပါတယ်။
အထူးသဖြင့် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးပြီးလုပ်ဆောင်တဲ့အတွက် နေ့စဉ်လိုလို ရာနဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးနေကရပြီး ဒီလတလအတွင်းမှာကို လူ ၆၀၀၀ ထိ ထွက်ပြေး တိမ်းရှောင်နေကြရပါတာလို့ ပြောပါတယ်။
“အခုလောလောဆယ်ဖြစ်နေတဲ့ ဇင်ဘရွာပေါ့နော်။ လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်တဲ့ဒဏ်တွေ၊ နေ့တိုင်းခံနေရတယ်။ ဆိုတော့ နေ့တိုင်းလူတွေရာချီ စစ်ဘေးရှောင် နေရတယ်။ ရှောင်နေတဲ့နေရာတွေကလည်း လက်ရှိအခြေအနေမှာ လုံခြုံမှုမရှိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီ စစ်အုပ်စုတွေက လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်ပြီးတော့ ဆောင်ရွက်တဲ့အတွက် ဘယ်နေရာမှ လုံခြုံတဲ့နေရာရယ်လို့ မရှိတဲ့အတွက် တနေရာနဲ့တနေရာ ပတ်ခြာလည်လိုက်ပြီး စစ်ပြေးရှောင်နေရတဲ့ အခြေအနေရှိပါတယ်။ ဆိုတော့ လတ်တလော အကူအညီလိုနေတာက ၆၀၀၀ ကျော်ကျော်မှာရှိပါတယ်။ ဒါကျေးရွာပေါင်းအားဖြင့်ဆိုရင် ၁၂ ရွာ၊ ၁၃ ရွာပေါ့နော်။”
ရေဖြူမြို့နယ်ဇင်ဘကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်တွေနဲ့ ပစ်ခတ်တိုက်လိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၀၀ ကျော် ဟာ နေစဉ် ထွက်ပြေးနေကြရပါတယ်။
လူသားချင်းစာနာအကူအညီများပေးနေတဲ့ ဒေသတွင်း တုံ့ပြန်ရေးအဖွဲ့ရဲ့ အစီရင်ခံချက်အရ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ မွေးကင်းစကလေးငယ်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂ ဦးပါဝင်တယ်လို့ သိရပါတယ်။
အလားတူ သရက်ချောင်းမြို့နယ်မှာ စစ်ရေးမငြိမ်မသက်မှု၊ မိုးရွာမှု၊ လေပြင်းတိုက်ခတ်မှုနဲ့ အပူရှိန်ပြင်းထန်ခြင်းတို့ကြောင့် ဒုက္ခသည်တွေဟာ ကျန်းမာရေးဒုက္ခတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေသလို ဆန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီ ၃ ခုပေါင်းဖြစ်တဲ့ မြန်မာနိုင်ငံ အရှေ့တောင်ဒေသမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ အိုင်ဒီပီ ၉ သိန်းကျော်ရှိပြီး ကရင်နဲ့ တနင်္သာရီဒေသမှာ ၆ သိန်းခန့်ရှိတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။
ဒီလို ရှိနင့်ပြီးသား အိုင်ဒီပီတွေဟာ စစ်တပ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထပ်ပြီးတိုးလာတာလို့လည်း နိုင်အဲမွန်က ပြောပါတယ်။
“အဓိကကတော့ စစ်တပ်ရဲ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းအန္တရာယ်နဲ့ အဓိက တိမ်းရှောင်ကြရတဲ့ပုံစံဖြစ်တယ်။ ဒီနှစ်ခုဟာ တော်တော်ကြီးကို အန္တရာယ်များတယ်။ ခန်းမှန်းမလို့ရဘူး။ ဆိုတော့ တချိုက ကြိုပြီးထွက်ပြေးကြတာမျိုးတွေရှိတယ်။ ဥပမာ တချို့ ရွာအနီးရွာက အတိုက်ခံရပြီဆိုရင် ဒီဘက်ရွာက ကြိုပြီးပြေးတာတို့၊ အဲလိုပုံနဲ့ထွက်ပြေးတဲ့နှုန်းတွေလည်း ရှိတယ်။ ဆိုတော့ အဓိက အကြောင်းအရင်းက စစ်အုပ်စုတွေရဲ့ ပြည်သူတွေကို တိုက်ရိုက် Target ထားပြီးတော့ တိုက်ခိုက်နေမှု၊ ဖိနှိပ်နေမှုတွေ ကြောင့်ဖြစ်တယ်ဆိုတဲ့အခြေအနေတခုဖြစ်တယ်။ ဆိုတော့ အသက်ပိုင်း လုံခြုံရေးဆိုင်ရာကြောင့် တိမ်းရှောင်နေရတဲ့အခြေအနေတွေ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၃ သန်းကျော်ထိရှိလာပြီး ဒါဟာ ဆိုးဝါးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူ ၃ ယောက်မှာ ၁ ယောက်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်တွေအပြင် ပြည်တွင်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာပြီး ပြဿနာတွေ ပိုဆိုးလာနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပဋိပက္ခနဲ့ မလုံခြုံမှုတွေကနေ ထွက်ပြေးလာတဲ့ လူပေါင်း ၂ သန်းခွဲကျော် အပါအဝင် လူပေါင်း၂ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဧပြီ ၅ ရက်နေ့ထုတ် UNOCHA ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။