စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တရားခံ စစ်ခေါင်းဆောင်ကို နိုင်ငံတကာတရားရုံးပို့ပေးဖို့ ခင်ပွန်းနဲ့ သား ဆုံးရှုံးခဲ့သူက မေတ္တာရပ်ခံလိုက်ပါတယ်။
လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဓိကတရားခံဖြစ်တဲ့ စစ်ခေါင်းဆောင်ကို နိုင်ငံတကာတရားရုံးဆီ ပို့နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ တတ်စွမ်းသူတွေက ဝိုင်းဝန်းကူညီပေးဖို့ ခင်ပွန်းနဲ့သား ဆုံးရှုံးခဲ့သူ အမျိုးသမီးတယောက်က မေတ္တာရပ်ခံလိုက်တာပါ။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်သားတွေက မေ ၁၁ ရက် မနက်အစောပိုင်း ၅ နာရီလောက်မှာ ဝင်ရောက်ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်တာကြောင့် ရွာသား ၃၃ ယောက် သေဆုံးခဲ့တာပါ။
လက်ထုတ္တောရွာသူတဦးက “အခုငုံ့နေဆို ငုံ့နေရတာ၊ ပြားလို့ ငုံ့နေရတာ။ နောက်လှည့်ကြည့်ရင် သတ်ပစ်မှာ။ သူတို့ကို မော့မကြည့်ရဲဘူး။ လက်နက်ကြီးတွေနဲ့ ဝင်ပစ်ပြီး တခါတည်းဖမ်းတော့တာပဲ။ ဖမ်းပြီးတော့ ယောကျ်ားလေးတွေ တခါတည်းသာ သတ်ပစ်တာပဲ။ အမအိမ်သားရယ်၊ အမသားရယ်၊ အမရဲ့ဦးလေးရယ် အကုန်ပါတယ်၊ အမျိုးတွေ ၄-၅ ယောက်လောက် ပါတာဗျ။ ရှေ့ဆက်ပြီးတော့ ဘယ်လိုနေလို့ ဘယ်လိုထိုင်မှာလဲ တွေးလို့ကတော့ မရဘူး။ တွေးလည်း မတွေးရဲသေးဘူး။ ရွာပြန်ကပ်လို့ကလည်း မဖြစ်သေးဘူး။ ရေသောက်စရာလည်းမရှိ။ ရေတွင်းတွေကလည်း အကုန်လုံးဖျက်သွားတာ။ ဘာဆို ဘာမှကို မရှိတော့တာ ရွာထဲကလည်း။ ဘုန်းကြီးကျောင်းတွေထဲက ရေတွင်းတွေပါ အကုန်လုံး မီးတွေနဲ့ရှို့သွားတာ။ အကုန်လုံး ပျက်စီးနေတာ ရေကိုမရှိတော့ဘူး။ တောထဲ ရေရှိတဲ့နေရာလေးတွေ ကပ်နေ၊ ဘေးရွာလေးတွေကပ်နေ အဲဒီလိုနေနေရတာ၊ ရွာကိုမရှိတော့ပါဘူး။ အကုန်လုံး ဒုက္ခတွေရောက်နေတာ။ အဲလိုတွေဖြစ်နေတာရယ်။ သူတို့ကို လက်စားချေချင်တာရော၊ သားရော အိမ်သားဖြစ်သလို ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်၊ စိတ်က တအားနာတာပဲ။ မင်းအောင်လှိုင်တရားခံ၊ မင်းအောင်လှိုင်က နိုင်ငံတကာကို ပို့ပေးပါလို့ အဲဒါလေးတော့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။
လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ PDF တွေက စစ်ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာကြောင့် မုံရွာ-မန္တလေးလမ်းပေါ်က ကျေးရွာတွေကို စစ်ကောင်စီက ပစ်မှတ်ထား လက်တုံ့ပြန်တာရဲ့ အစိတ်ပိုင်းတခုဖြစ်တယ်လို့ ဒေသတွင်း PDF တွေက ခန့်မှန်းပါတယ်။
လက်ထုတ္တောရွာမှာ ပစ်ခတ်သတ်ဖြတ်မှု ပြုလုပ်ပြီးပြီးချင်းမှာပဲ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲက ပြန်ထွက်သွားပြီး အိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ထုတ္တောရွာသားတဦးက “ပါတယ်ဗျ၊ တအိမ်တည်းတင်မှာကို ၃ ယောက်၊ အဲဒါ မိသားစုတစုတည်းတွေပေါ့။ ဆွေမျိုးသားချင်းပါဗျာ။ ဘယ်လိုလွတ်မြောက်လာလဲဆိုတော့ ကျနော်တို့က လက်နက်ကြီးနဲ့ ထုနေတဲ့အချိန်မှာ သူတို့လက်ထဲမှာတော့ အညံ့မခံတော့ဘူး၊ နေလည်း သေရမယ့်အတူတူဆိုတော့ ပြေးတာက လွတ်လို့ရှိရင် ကိုယ့်အတွက် အန္တရယ်လွတ်တယ် ဆိုပြီးတော့ မှန်ရင်လည်း မှန်ပါစေဆိုပြီး ထွက်ပြေးတာ၊ တယောက်တည်းပြေးရတာမဟုတ်ဘဲ ကလေးခေါ်ပြီးတော့ ပွေ့ချီပြေးရတဲ့ပုံစံမျိုး။ ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့လုပ်သွားတဲ့လုပ်ရပ်ကို ပြန်ကိုလုပ်ချင်တာ၊ ရွာသူရွာသား မဆိုင်ဘဲနဲ့ ဒီလိုလုပ်သွားတဲ့ ဖြစ်ရပ်မျိုးကတော့ မိုက်ရိုင်းလွန်းတယ်။ ဒီကောင်တွေကို လက်စားချေဖို့ကတော့ လုပ်သွားဦးမှာပါ။ ဒီလောက်မြင်ကွင်းကြီး ဒီပုံစံလုပ်သွားတာဆိုတော့ ကျနော်တို့တောင်မှ မခံစားနိုင်တဲ့ အဖြစ်မျိုးတွေ။ ဒုက္ခတွေကတော့ အမျိုးမျိုးပေါ့၊ နေမှု စားမှု ၁ ကနေ ပြန်ပြီးစရတဲ့ ပုံစံမျိုးပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လက်ထုတ္တောရွာကို ဝင်ရောက်တိုက်ခိုက်ရာမှာ နေအိမ်တွေကိုတင် မီးရှို့ဖျက်ဆီးခဲ့တာမဟုတ်ဘဲ ရေတွင်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်လို့ အခင်းဖြစ်ပွားရာမှာ ရှိနေခဲ့တဲ့ ရွာသားတယောက်က ပြောပါတယ်။
အိမ်ခြေ ၆၀၀ နီးပါးရှိခဲ့တဲ့ လက်ထုတ္တောကျေးရွာဟာ ၂၀၂၃ မေ ၆ ရက်နေ့မှာလည်း စစ်ကောင်စီက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့တဲ့ကျေးရွာ ဖြစ်ပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မန္တလေးတိုင်းထဲက ပြင်ဦးလွင်နဲ့ နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်တဲ့ နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း နယ်စပ်မြို့နယ်တွေမှာ စစ်ကောင်စီက ဖိအားပေး နယ်မြေထိန်းချုပ်နိုင်ဖို့ ပိုပြီးအားစိုက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။
သုတချမ်းသာ