Home
နိုင်ငံတကာ
တရုတ်အိမ်ခြံမြေစျေးကွက် တည်ငြိမ်ရေး အစိုးရက အိမ်ခန်းအချို့ ပြန်ဝယ်မည်
DVB
·
May 17, 2024
ChinaProperty_17052024

စျေးကွက်ပျက်နေတဲ့ တရုတ်အိမ်ခြံမြေးစျေးကွက် တည်ငြိမ်အောင်လုပ်မယ့် အစီအစဉ်တွေကို အစိုးရက မေ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တချို့အိမ်တွေ၊ အခန်းတွေ အစိုးရက ပြန်ဝယ်တာ၊ အပေါင်နဲ့ အရစ်ကျဝယ်မှု စည်းမျဉ်းတွေ ဖြေလျှော့ပေးတာ၊ ဆောက်လက်စ တိုက်တာနေအိမ်တွေ ပြီးစီးဖို့ ကူညီပေးမယ့် အစီအစဉ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

၉ နှစ်ကျော်အတွင်း အမြန်ဆုံးနှုန်းနဲ့ အိမ်သစ်စျေးတွေ ထိုးကျသွားခဲ့တာဟာ နဂိုတည်းက အရေးမလှဖြစ်နေတဲ့ စျေးကွက်ကို ပိုဆိုးသွားစေခဲ့ပါတယ်။

ခေတ်ကောင်းခဲ့စဉ် စီးပွားရေးလှုပ်ရှားမှု အားလုံးရဲ့ ငါးပုံတပုံအထိ ရှိခဲ့တဲ့ တရုတ်အိမ်ခြံမြေစျေးကွက်ဟာ လက်ရှိမှာ နိုင်ငံ့စီးပွားရေးနဲ့ ယုံကြည်မှုကို ဆွဲချနေတဲ့ အဓိက ပြဿနာတရပ် ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စျေးကွက်တည်ငြိမ်ရေး အစီအမံတွေ အမျိုးမျိုးလုပ်ခဲ့ပေမယ့် နာလန်မထူခဲ့ပါဘူး။

ဒါကြောင့် ဒုဝန်ကြီးချုပ် ဟေလီဖန်ဟာ အာဏာပိုင်တွေနဲ့ အွန်လိုင်းအစည်းအဝေးမှာ မြူနီစီပယ်အစိုးရတွေ အနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့စျေးနဲ့ အိမ်တွေပြန်ဝယ်နိုင်တယ်လို့ ညွှန်ကြားလိုက်ပါတယ်။

ဒီအိမ်တွေကို တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေမှာ ပြန်ထည့်သုံးနိုင်တယ်လို့လည်း ဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။

ဒါပေမဲ့ ရက်သတ်မှတ်ချက်နဲ့ ပမာဏကို မပြောသလို ဗဟိုက ဘယ်လို ထောက်ပံ့ပေးမယ် ဆိုတာလည်း ပြောမသွားပါဘူး။

ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရောင်းထားတဲ့ မြေတွေကို ဒေသအစိုးရတွေက ပြန်ဝယ်နိုင်ပြီး တန်းလန်းဖြစ်နေတဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ ပြီးအောင် အာဏာပိုင်တွေက လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဗဟိုဘဏ်ကလည်း အပေါင်အတိုးနှုန်းနဲ့ ကနဦးပေးငွေ သတ်မှတ်ချက်ကိုပါ လျှော့ပေးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013