Home
မြန်မာသတင်း
ဧရာဝတီတိုင်း-ရန်ကုန် လမ်းတွင် ကားများနှင့် ခရီးသွားများကို စစ်တပ်က အဓမ္မ ငွေညှစ်နေ
DVB
·
May 18, 2024
check 1852024

ဧရာဝတီတိုင်း-ရန်ကုန် လမ်းပိုင်းမှာ သွားလာနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေ စစ်ကောင်စီတပ်က ဧပြီ ပထမအပတ်ကစပြီး အခွန်အခလို့ ခေါင်းစဉ်တပ်ငွေညှစ်နေလို့ အရင်ကထက် ပိုပေးနေရကာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက  သိရပါတယ်။

ဧရာဝတီတိုင်း မြို့တော် ပုသိမ် အပါအဝင် မအူပင်၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပန်းတနော် စတဲ့လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်၊ ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့က ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေ အခွန်အခ ပေးဆောင်ရမယ်လို့ ခေါင်းစဉ်တပ် တောင်းယူနေတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှ ကားသမားတယောက်က “အခွန်အခဆိုပြီး ပေးနေရတာကတော့ ကြာပါပြီ။ အခု ထပ်ပြီး ပိုကောက်တော့ မလွယ်ဘူးပေါ့။ ကားခက ၅၀,၀၀၀ တလစာ၊ လူခွန်က ၅၀,၀၀၀ တလစာတဲ့။ အကယ်၍ မှတ်ပုံတင်မပါသူ၊ မရှိသူဆိုရင်တော့ ဒီထက်ပိုပြီး ပေးရတယ်။ သူတို့တောင်းသလောက် ပေးရတာပေါ့။ ဒီရက်ထဲ ပိုအစစ်အဆေးခံရတယ်။ ပိုက်ဆံလည်း ပိုကုန်ကျလာတယ်” လို့ ပြောပါတယ်။ 

အဆိုပါ အခွန်အခကို မြို့အဝင်အထွက်နေရာတွေမှာ လမ်းပိတ်ကာ အထိုင်စခန်းချပြီး နေ့စဉ် ကောက်ခံနေကြောင်း၊ အခွန်အခလို့ ခေါင်းစဉ်တပ်ပြီး ကောက်ခံနေတဲ့ မတရား ဆက်ကြေးတောင်း အနိုင်ကျင့်မှုဖြစ်ကြောင်း ကားသမားတွေနဲ့ ဒေသခံတွေက ဆိုပါတယ်။

နောက်ထပ် ကားဆရာတယောက်က “ကျည်ဝယ်ဖို့ အကြောင်းပြချက် အမျိုးမျိုးပေးပြီး အနိုင်ကျင့် တောင်းယူနေကြတာ။ ကားအတွက် အခွန်၊ ကုန်ပစ္စည်းအတွက်၊ လူအတွက် အခွန်တဲ့၊ ကောက်လိုက်တဲ့ငွေ၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ မတရားကောက်နေကြတယ်။ အခုလည်း ပိုတိုးကောက်တယ်။ ဒီဒုက္ခတွေ ဘယ်တော့မှလွတ်မလဲ မသိတော့ပါဘူးဗျာ” လို့ ပေြာပါတယ်။

အခုလို လမ်းပိုင်းတွေမှာ ထင်တိုင်းကျဲကာ ပြည်သူတွေထံက မတရား ငွေတောင်းယူနေပေမဲ့ အာမခံချက်၊ တာဝန်ယူမူ၊ တာဝန်ခံမှု (လုံးဝ) မရှိကြောင်း ခရီးသွားပြည်သူတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက လမ်းအသုံးပြုသူ အမျိုးသမီးတယောက်က “ပိုက်ဆံသာပေးရတာ၊ ဘာတာဝန်ယူမှု၊ ဘာတာဝန်ခံမှုမှ မရှိဘူး။ အရင်လက နှစ်သောင်းခွဲပဲ ပေးရတာ။ အခု ငါးသောင်းကြီးတောင် တိုးကောက်နေတယ်။ ဘာမှလည်းမပြောရဲဘူး။ စစ်တပ်လည်းကြောက်ရ၊ ရဲလည်းကြောက်ရနဲ့ ပုံစံအမျိုးမျိုးနဲ့ ဗိုလ်ကျနေတာ။ ဘယ်လိုဖြစ်ဖြစ် တကယ်တော့ ကျမတို့ပြည်သူတွေပဲ နစ်နာဆုံးရှုံးမှု ခံနေရတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း-ရန်ကုန် ပြေးဆွဲနေတဲ့ ကုန်စည်ကား၊ ငှက်ပျောကား၊ ခရီးသည်ကား၊ ခရီးသွားပြည်သူတွေထံက ငွေကြေးကောက်ခံတာတွေကို စစ်ကောင်စီတပ်က ဦးဆောင်ကာ အရင်နှစ်တွေထက် ပိုမိုတိုးမြှင့် ကောက်ခံနေတာကြောင့် ဧရာဝတီတိုင်းမှ ရန်ကုန်သွားလာပါက ကား၊ ကုန်စည်နဲ့ လူအခွန်အခတို့အတွက် ငွေကျပ် တသိန်းခန့် ကုန်ကျနေကြောင်း သိရပါတယ်။

Photo - Min Min 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013