Home
နိုင်ငံတကာ
တူနီးရှားနိုင်ငံတွင် ရှေ့နေများဆန္ဒပြ
DVB
·
May 18, 2024

တူနီးရှားနိုင်ငံမှာ ရှေ့နေတွေ ရာနဲ့ချီပြီး မေလ ၁၆ ရက်ကမြို့တော် တူးနစ်စ်ရဲ့ လမ်းမတွေပေါ်ကို ထွက်လာပြီးတော့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် ၂ ဦး လတ်တလော ဖမ်းဆီးခံခဲ့ရမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဖမ်းခံနေရသူတွေထဲက တဦးဟာ အကျဉ်းကျနေချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်းလည်း ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က သီးခြားဖြစ်ရပ်တွေနဲ့ ရှေ့နေ ၂ ဦးနဲ့ သတင်းထောက် ၂ ဦး ဖမ်းဆီးခံရပြီးနောက် နိုင်ငံတွင်းမှာ နိုင်ငံရေးအကျပ်အတည်းတွေ မြင့်တက်လာနေချိန်အတွင်း တူနီးရှားရှေ့နေတွေ သပိတ်မှောက်တာဟာ ခုသီတင်းပတ်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။

ရှေ့နေတွေဟာ ယူနီဖောင်းတွေကို ဝတ်ဆင်ကာ တရားရေး ဌာနချုပ်အနီးမှာ ဆန္ဒပြခဲ့ကြပြီး  “သတင်းသမားတွေနဲ့ ရှေ့နေတွေကို လာမထိနဲ့” “အာဏာဆိုတာ ပြည်သူတွေပိုင်တာ ” စတဲ့ ကြွေးကြော်သံတွေကိုလည်း အော်ဟစ်ခဲ့ပါတယ်။

တူနီးရှားရဲတပ်ဖွဲ့ဟာ သီတင်းပတ်ကုန်ရက်က ရှေ့နေ ဆိုနီယာ ဒါမနီကို ဖမ်းဆီးခဲ့ပြီး နောက် မေလ ၁၃ ရက်မှာ ဘားအသင်းရဲ့ရုံးချုပ်ကို ဒုတိယအကြိမ်အဖြစ် ဝင်ရောက်စီးနင်းခဲ့ပြီး သမ္မတကို ပြစ်တင်ဝေဖန်ခဲ့တဲ့ မာဒီဇာဂရိုဘာကို ဖမ်းဆီးခဲ့ပါတယ်။

ဇာဂရိုဘာ ဟာ ထိန်းသိမ်းခံထားရချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတယ် လို့ ဘားအသင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ အဲဒီစွပ်စွဲချက်တွေကို အသည်းအသန် ငြင်းဆိုထားပြီး ရှေ့နေဟာ နှိပ်စက်ညှဉ်းပန်းခံရခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ ရှေ့နေ ဇာဂရိုဘာ ဖက်က ထောက်ခံအားပေးကြပါတယ်။

တချို့အတိုက်အခံပါတီတွေဟာ ရှေ့နေများကောင်စီ အဆောက်အအုံကို ဝင်ရောက်စီးနင်းခံရမှုဟာ တုန်လှုပ်စရာနဲ့ အကြီးစားတင်းမာမှုအခြေအနေ လို့ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သမ္မတ ကိုင်စ်ဆေ့အိဒ်ကို ရာနဲ့ချီတဲ့ အတိုက်အခံတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

အခုနှစ်မှာ သက်တမ်းပြီးဆုံးတော့မယ့် သမ္မတဆေ့အိဒ်ဟာ နိုင်ငံတော်အာဏာ အများစုကို လွှဲပြောင်းရယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံပါလီမန်ကို ပိတ်ပစ်ခဲ့တာကြောင့် အဲဒီလုပ်ရပ်ကို အတိုက်အခံတွေက အာဏာသိမ်းမှု လို့ ခေါ်ကြပါတယ်။  

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013