မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ပျူစောထီးတွေ မီးရှို့ဖျက်ဆီးလို့ အိုးအိမ်မဲ့သွားတဲ့ ရွှေဘိုရွာနဲ့ ရေသာရွာက ပြည်သူတွေအတွက် အထွေထွေအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
မေ ၁၆ ရက်နေ့က မြောက်ခင်ရန်းရွာအခြေပြု စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးလက်နက်ကိုင်အဖွဲ့က ရွှေဘိုကျေးရွာအုပ်စု၊ ရွှေဘိုရွာနဲ့ ရေသာရွာက ပြည်သူလူထုနေအိမ် ၃၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒေသခံတယောက်က “အိမ်ခြေ ၃၀၀ ဝန်းကျင်မီးရှို့ခံရတယ်။ လက်ရှိမှာ နေစရာမရှိကြဘူး။ အခုချိန်က နေအရမ်းပူတာမို့ လှည်းပေါ်ကုန်တင်ပြီး သစ်ပင်ရိပ်အောက်မှာ နေနေကြရတယ်။ အဓိက လိုတာက တဲဆောက်နေဖို့ တိုင်၊ ဝါး၊ အမိုးနဲ့ အကာပေါ့” လို့ ပြောပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံတဲ့ ရေသာ၊ ရွှေဘိုနဲ့ သင်တောရွာတို့ဟာ မြောက်ခင်ရန်း ပျူစောထီးကျေးရွာနဲ့ နီးကပ်နေတဲ့ ကျေးရွာတွေဖြစ်ပြီး အခုတကြိမ်နဲ့ဆို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခံရတာ ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း သင်တောကျေးရွာက ပြည်သူ ၇ ယောက်၊ ရွှေဘိုကျေးရွာက ၂ ယောက်နဲ့ ကံတိုးရွာက ၁ ယောက်တို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက သတ်ဖြတ်ပြီး ၁၉ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာမှာ ဦးလူ၀ ဆိုသူကိုတော့ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လွန်ခဲ့တဲ့ ၃ လလောက်က ပျူစစ်ကြောင်းဝင်သေးတယ်။ သင်တောက ပြည်သူ ၇ ယောက်၊ ရွှေဘိုက ၂ယောက် ကံတိုးရွာက ၁ယောက်ကို သတ်ဖြတ်သွားတယ်။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး မရှောင်ဘူး။ သူတို့နဲ့ တွေ့တဲ့သူ ပြည်သူ ၁၉ ယောက်ကို ဖမ်းခေါ်သွားတယ်။ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီ၊ ဒီဇယ်အပြင် အရက်၊ ဆေးလိပ်ပါမကျန် သိန်း ၃၅၀ ဝန်းကျင်ဖိုးပစ္စည်းတွေဝယ်ခိုင်းပြီး သူတို့ ဖမ်းထားတဲ့ လူတွေကို ရွေးခိုင်းတယ်။ သူတို့ ဝယ်ခိုင်းတာ အကုန်ဝယ်ပေးပေမယ့် ၁၈ ယောက်ကို ပြန်လွှတ်ပေးပြီး ဦးလူ၀ တယောက်ကိုတော့ လွှတ်မပေးဘဲ ချန်ထားတာ အခုထိပဲ” လို့ ပြောပါတယ်။
မြောက်ခင်ရန်းပျူစောထီးစစ်ကြောင်းကြောင့် ပြည်သူလူထု ၅,၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အဲ့ဒီထဲမှာ ရင် ခွင်ပိုက်ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်ကို ၁,၀၀၀ ဝန်းကျင်ပါဝင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်က ဘာသာရေးဆိုင်ရာအဆောက်အဦအပါအဝင် လူနေအိမ်ပေါင်း ၈၈,၃၇၃ လုံးကို မီးရှိုးဖျက်ဆီးခဲ့တယ်လို့ ဒေတာဖော်မြန်မာက ထုတ်ပြန်ထားပါတယ်။