Home
နိုင်ငံတကာ
တက္ကဆက်ပြည်နယ်၌ မုန်တိုင်းကြောင့် လူ ၄ ဦးသေဆုံး၊ နေအိမ်ပေါင်း ၈ သိန်း လျှပ်စစ်မီးပြတ်
DVB
·
May 18, 2024
Huston world 1852024

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ မေ ၁၆ ရက်က တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းအားအဆင့် အင်အားပြင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပြီး အထပ်မြင့် အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ ပွင့်ထွက်ကာ နေအိမ်ပေါင်း ၈ သိန်းလောက်က လျှပ်စစ်မီးမရရှိခဲ့တာကြောင့် မြို့ကြီး အမှောင်ထုထဲ ကျရောက်သွားတယ်လို့ မြို့တော်ဝန် ဂျွန်ဝှစ်မိုင်းယားက ပြောပါတယ်။

ဟူစတန်မြို့လယ်နဲ့ စီးပွားရေးရပ်ကွက်အများအပြားဟာ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြိုလဲနေတဲ့ ဓာတ်တိုင်တွေ၊ ပြန့်ကျဲနေတဲ့ မှန်ကွဲစတွေနဲ့ ရှုပ်ပွနေပြီး မြို့အနှံ့ မီးပွိုင့်တွေလည်း ထိခိုက်ကုန်ကြောင်း မြို့တော်ရဲ့ အရေးပေါ်စစ်ဆင်ရေးစင်တာမှာ ဒေသတွင်း ရုပ်မြင်သံကြားဌာန KRIV နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြို့တော်ဝန် ဝှစ်မိုင်းယား က ပြောပါတယ်။

ပြည်နယ်ရဲ့ လူဦးရေအများဆုံး အချက်အချာဖြစ်တဲ့ တက္ကဆက် အရှေ့တောင်ပိုင်းရှိ ပင်လယ်ကွေ့ကမ်းရိုးတန်းမြို့ကို လေတိုက်နှုန်းက တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းနဲ့  မိုးကြိုးမုန်တိုင်း တိုက်ခတ်ခဲ့တာပါ။

မြို့နေလူထုတွေ အိမ်ထဲမှာသာ နေထိုင်ကြဖို့နဲ့ အထူးသဖြင့် လေပြင်း အသည်းအသန် တိုက်ခတ် နေတဲ့ မြို့လယ်ခေါင်ကို ရှောင်ရှားကြဖို့၊ အဲဒီနေရာကလည်း မှောင်မိုက်ပြီး ဖန်ကွဲမှန်ကွဲစတွေသာ ရှိကြောင်း မြို့တော်ဝန်ကပြောပါတယ်။

အစိုးရကျောင်းတွေကို သောကြာနေ့မှာ ပိတ်မှာဖြစ်ကြောင်းနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း အရေးမကြီးတဲ့ အလုပ်သမားတွေအားလုံးကို အလားတူ ပိတ်ရက် ပေးဖို့ တောင်းဆိုထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မုန်တိုင်းကြောင့်သေဆုံးသူ ၄ ဦးထက်မနည်းကို အတည်ပြုထားပြီး အများစုမှာ သစ်ပင်လဲကျမှုကြောင့်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

မြို့တာဝန်ရှိသူတွေကတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ဓာတ်ငွေ့ယိုစိမ့်မှုတွေဟာ ပြည်သူတွေအတွက် အန္တရာယ်ဖြစ်စေကြောင်း ပြောကြပါတယ်။

အမျိုးသား မိုးလေဝသဌာနကလည်း မုန်တိုင်းနဲ့ဆက်စပ်နေတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု အခြေအနေကနေ ဟူစတန်ဒေသအတွက် ရေကြီးရေလျှံမှု စောင့်ကြည့်ရေးကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဟူစတန်- ဂါလ်ဗက်စ်တန် ဧရိယာရှိ အမျိုးသားမိုးလေဝသဌာနကလည်း ပြင်းထန်တဲ့ မုန်တိုင်းတွေဟာ ကမ်းရိုးတန်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်လာပြီး လေပြင်းတွေနဲ့ လေဆင်နှာမောင်းတွေကြောင့် ထိခိုက်နိုင်ကြောင်း သတိပေးထားပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013