ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့မှာ အမျိုးသားတဦးနဲ့ အမျိုးသမီး ၄ ယောက်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၃ ရက်က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး အမျိုးသမီး ၄ ယောက်ထဲက ၂ ယောက်ကို ပြန်လွှတ်ပေးပြီး အမျိုးသား ၁ ယောက်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်စစ်ဆေးတာကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “သူတို့ အဖမ်းမခံရခင် ရှေ့ရက်က စစ်ကောင်စီကို သတင်းပေးတယ်လို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီး သတ်ခံရတယ်။ နောက်နေ့ကျ ၅ ယောက် အဖမ်းခံရတာ။ အဲဒီအစ်ကိုတို့ မိသားစုဝင်တွေက စည်းရုံးရေးကာလတွေမှာ အောင်နိုင်ရေးသီချင်း ဆိုပေးတာမျိုးတော့ ရှိတယ်။ သံသယရှိတယ်ဆိုပြီး ဖမ်းသွားပြီး သတ်ပစ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မေ ၁၂ ရက်က ကွမ်းရောင်းချသူ အမျိုးသမီးတယောက် စစ်ကောင်စီသတင်းပေးဆိုပြီး လက်နက်ကိုင်လူတစုက သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ပေါင်းတလည်မြို့ခံ ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကြောရေးမှာ သေဆုံးသူ ကိုအောင်ကိုဦးဟာ ဆိုင်ကယ်ပြုပြင်တဲ့အလုပ် လုပ်ကိုင်သူဖြစ်ပြီး သူ့အလောင်းကို မေ ၁၆ ရက်မှာ စစ်ကောင်စီက မိသားစုနေထိုင်ရာအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ယောက်ကိုတော့ ပြည်မြို့ အမှတ် ၃ ရဲစခန်း အချုပ်ထဲမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မေ ၁၃ ရက်ကလည်း ပေါင်းတလည်မြို့မှာ စစ်ကောင်စီရဲ့ အနက်ရောင် သေမင်းတမန်အဖွဲ့ လည်ဆွဲချိတ်ဆွဲထားပြီး သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။