Home
နိုင်ငံတကာ
အာဂျင်တီးနားသံရုံးတွင်ခိုလှုံနေသည့် အတိုက်အခံများကို  ဗင်နီဇွဲလားက ထွက်ခွါခွင့်မပြု
DVB
·
May 18, 2024

ဗင်နီဇွဲလားမြို့တော် ကရာကာ့စ်ရှိ အာဂျင်တီးနားသံရုံးမှာ ခိုလှုံနေတဲ့ အတိုက်အခံလက်ထောက် ၆ ဦး နိုင်ငံတွင်းမှ ထွက်ခွါဖို့  ဗင်နီဇွဲလားအစိုးရအနေနဲ့ ဘေးကင်းတဲ့လမ်းကြောင်းကို စီစဉ်ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ အာဏာရပါတီမှ တာဝန်ရှိသူတဦးက မေ ၁၅ ရက်မှာ ပြောပါတယ်။

သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ အစိုးရအဖွဲ့ဟာ အတိုက်အခံ လက်ထောက်တွေကို ထွက်ခွါခွင့် ပြုဖို့ ဧပြီလတုန်းက ကတိပြုထားမှုကို ပယ်ချခဲ့တယ်လို့ အာဂျင်တီးနား အကြီးတန်းအရာရှိတွေက ရိုက်တာကို အခုလအတွင်း  ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ အာဂျင်တီးနားရဲ့ လက်ယာယိမ်း လစ်ဘရယ်ဝါဒီ သမ္မတ ဟာဗီယာ မီလေ့နဲ့ စကားအငြင်းအခုံ ရှိထားခဲ့ဖူးပြီး  ဇူလိုင်လ သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာ ပြိုင်ဘက် တွေကို ပစ်မှတ်ထားနေတာလို့ အတိုက်အခံတွေက ပြောပါတယ်။ 

အာဂျင်တီးနားအစိုးရဟာ အဲဒီကိစ္စအပေါ် ဖိအားတွေ တိုးပေးတော့မှာဖြစ်ကြောင်း တရားဝင် သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပြီး အဲဒီအတိုက်အခံတွေဟာ နိုင်ငံတွင်းကနေ မထွက်ခွါနိုင်ရင် အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့လည်း ထပ်လောင်းပြောဆိုကြပါတယ်။

ဗင်နီဇွဲလား အမျိုးသားလွှတ်တော် အမတ်လည်းဖြစ်တဲ့ အာဏာရ ယူနိုက်တက် ဆိုရှယ်လစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဒီယိုစ်ဒါးဒိုး ကာဘဲလို ကတော့ အာဂျင်တီးနားဟာ ကာရာကတ်စ်ရှိ သူ့သံရုံးမှာ ခိုလှုံနေတဲ့ ဗင်နီဇွဲလား အတိုက်အခံတွေကို ဘေးကင်းကင်း သွားခွင့်ပေးဖို့ ဗင်နီဇွဲလားကို ဖိအားပေးမယ် ဆိုရင်လည်း ဗင်နီဇွဲလားအစိုးရရဲ့ တုံ့ပြန်မှုက ငြင်းဆန်ပါတယ်လို့ ပြောပါတယ်။

ကိုယ့်မွေးရပ်မြေကို မချစ်တဲ့သူတွေအတွက် လုံခြုံတဲ့လမ်းကြောင်း မရှိဘူးလို့လည်း ဆိုပါတယ်။

ဗင်နီဇွဲလား ရှေ့နေချုပ်ရုံးက  အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုရဲ့ လက်ထောက်တွေကို ပူးပေါင်းကြံစည်မှုအတွက် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် မတ်လမှာ အတိုက်အခံ ခေါင်းဆောင်တွေက ခိုလှုံခွင့် တောင်းခံလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013