Home
အားကစား
၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံအဖြစ် ဘရာဇီးလ်ကို ရွေးချယ်
DVB
·
May 18, 2024

၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံအဖြစ် ဘရာဇီးလ်ကို ရွေးချယ်လိုက်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာညီလာခံက မေလ ၁၇ ရက်မှာ ကြေညာသွားပါတယ်။

ဒါကြောင့် ဘရာဇီးလ်က ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ ဂျာမနီ (BNG) တို့ရဲ့  ၃ နိုင်ငံပေါင်း ကမ်းလှမ်းမှုကို ကျော်ဖြတ်ပြီး ဒီပြိုင်ပွဲကျင်းပခွင့်ရတဲ့ ပထမဆုံးသော တောင်အမေရိကနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာညီလာခံအတွင်း ဘရာဇီးလ်ရဲ့ ကမ်းလှမ်းမှုကို ထောက်ခံတဲ့အဖွဲ့ဝင် ၁၁၉ နိုင်ငံရှိခဲ့ပြီး BNG ဥရောပ နိုင်ငံတွေရဲ့  ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမှုမှာတော့ လက်ခံတဲ့အဖွဲ့ဝင်က ၇၈ နိုင်ငံအထိရှိပါတယ်။

ဒါ့အပြင် ၁၀ ကြိမ် မြောက်ကျင်းပမယ့် ဒီအမျိုးသမီးကမ္ဘာ့ဖလားအတွက် အမေရိကန်နဲ့ မက္ကဆီတို့ရဲ့  ပူးပေါင်းလျှောက်ထားမှုကို ပြီးခဲ့တဲ့လမှာ ပြန်လည်ရုပ်သိမ်းလိုက်တာကြောင့် သုံးပွင့်ဆိုင်ယှဉ်ပြိုင်မှုကနေ လျော့ကျသွားခဲ့ပါတယ်။

ဒီနှစ်နိုင်ငံဟာ လာမယ့် ၂၀၃၁ ပြိုင်ပွဲမှသာ လျှောက်ထားတော့မယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့​ဘောလုံးအဖွဲ့ချုပ်ကတော့ စီးပွားရေးအရ အလားအလာရှိမှုနဲ့ အသင်းတွေရဲ့ နေရာထိုင်ခင်း အပါအဝင် အားကစားကွင်းတွေ၊ ရုပ်သံလွှင့်နေရာတွေနဲ့ ပရိသတ်တွေအတွက် ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းအထိကို အကဲဖြတ်ပြီး အမှတ်ပေးခဲ့တာပါ။

၂၀၁၄ အမျိုးသားကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက အောင်မြင်မှုရရှိ  ခဲ့တဲ့ ဘရာဇီးလ်နိုင်ငံမှာ တည်ဆောက်ပြီးသား အားကစားကွင်း ၁၀ ခုအထိရှိတဲ့အပြင် စီးပွားရေးအရ ဖြစ်နိုင်ခြေများတဲ့ အနေအထားနဲ့ အစိုးရဲ့ကတိကဝတ်ကိုပါ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် တခုတည်းသော ကမ်းလှမ်းမှုဖြစ်တဲ့ ဥရောပ ၃ နိုင်ငံမှာလည်း ခိုင်မာတဲ့ စီးပွားရေးအလားအလာ၊ ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံတွေ အပါအဝင် တနေရာနဲ့တနေရာ မဝေးကွာတဲ့အချက်တွေ ရှိနေပေမဲ့ အဓိကပြဿနာဟာ အားကစားကွင်း ၁၃ ကွင်းမှာ လူဝင်ဆံ့နိုင်မှု နည်းပါးနေတာကြောင့် ဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုကတော့ ဘရာဇီးလ်မှာပြုလုပ်မယ့် ဒီပြိုင်ပွဲကြီးကို " သမိုင်းတလျှောက် အကောင်းဆုံး အမျိုးသမီးကမ္ဘာ့ဖလားဖြစ်နိုင်တယ်"လို့  မှတ်ချက်ပေးခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024