Home
နိုင်ငံတကာ
ဝန်ကြီးချုပ် ပစ်ခတ်ခံရပြီးနောက် စလိုဗက်ကီးနိုင်ငံ၌  တည်ငြိမ်မှုရှိရန် သမ္မတ တောင်းဆို
DVB
·
May 18, 2024
slovak 1852024

စလိုဗက်ကီးယားနိုင်ငံမှာ ဝန်ကြီးချုပ် ရောဘတ်ဖီကို လုပ်ကြံဖို့ ပစ်ခတ်ခံရပြီးနောက်မှာ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးတင်းမာမှုတွေ တည်ငြိမ်သွားစေဖို့ စလိုဗက်သမ္မတ ဇူဇာနာ ကာပူတိုဗာက တောင်းဆိုလိုက်ပါတယ်။

ပါလီမန်လွှတ်တော်မှာရှိတဲ့  ပါတီခေါင်းဆောင်အားလုံးကို ပူးတွဲအစည်းအဝေးပြုလုပ်ဖို့လည်း ဖိတ်ကြားမှာဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဖီကို ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ရွေးကောက်ခံသမ္မတ ပီတာ ပဲလီဂရီနီနဲ့အတူ လက်ရှိသမ္မတ ကာပူတိုဗာတို့က  "လူသားအဖြစ်ဆိုး" အဖြစ်ဖော်ပြပြီး စည်းလုံးညီညွတ်မှုရှိကြဖို့ တောင်းဆိုခဲ့ပါတယ်။

ပဲလီဂရီနီ ကတော့ အီးယူပါလီမန် ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ရပ်တန့်လိုက်ဖို့ သို့မဟုတ် လျှော့ချလိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ အခြေအနေ အလွန်ပြင်းထန်ခဲ့ပေမယ့် ကြာသပတေးနေ့က တည်ငြိမ်တဲ့အခြေအနေမှာ ရှိနေကြောင်း ဆေးရုံတာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

စကားတောင် နည်းနည်းပါးပါးလေး ပြောနိုင်ပြီလို့လည်း ရွေးကောက်ခံသမ္မတက ပြောပါတယ်။ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ စလိုဗက်ကီးယားနိုင်ငံမှာ ဝန်ကြီးချုပ် ဖီကို ဟာ ၅ ကြိမ်တိုင်တိုင် လုပ်ကြံရန်ကြိုးပမ်းမှုကို ကြုံခဲ့ရတာပါ။

ဖီကိုဟာ မေလ ၁၅ ရက် ဗုဒ္ဓဟူးနေ့  ဟန်းလိုဗာ မြို့မှာ အစိုးရအစည်းအဝေးမှာ သဘာပတိအဖြစ် လုပ်ဆောင်ပြီးနောက် လမ်းပေါ်မှာ ထောက်ခံသူတွေနဲ့ နှုတ်ဆက်နေချိန်မှာ သေနတ်ပစ်ခံရတာ ဖြစ်ပါတယ်။

ဖီကို လုပ်ကြံသတ်ဖြတ် ခံရပြီး နောက်မှာ အာဏာပိုင်တွေဟာ အွန်လိုင်းခြိမ်းခြောက်မှုတွေကို စောင့်ကြည့်နေကြောင်း မေ ၁၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခြင်းမရှိပေမယ့် စလိုဗက်ကီးယား ပါလီမန်နဲ့ မီဒီယာရုံးတွေ၊ ကျောင်းတွေအနီးမှာ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ရောဘတ်ဖီကို ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ သံသယရှိသူ အသက် ၇၁ နှစ်အရွယ် လုံခြုံရေး အစောင့်ဟောင်းကို လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုနဲ့ စွဲချက်တင်ထားကြောင်း ဆလိုဗက်ကီးယား ပြည်ထဲရေးဝန်ကြီး မာတုစ် ဆူတာ့ဂျ် အက်စ်တော့ခ် က မေ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ သံသယရှိသူရဲ့ ဇနီးဖြစ်သူ အမျိုးသမီးတဦး ကိုလည်း မေလ ၁၅ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013