မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ နှမဖြစ်သူ ကင်မ်ယိုးဂျုံဟာ ရုရှားနဲ့ လက်နက်လဲလှယ်မှုကို ထပ်မံငြင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မေ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
မလိုမုန်းထားမှုနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးထားတဲ့ မြောက်ကိုရီးယား-ရုရှား လက်နက်သဘောတူညီချက် “သီအိုရီ” ဟာ ဘယ်သူမှ အကဲဖြတ်လို့မရတဲ့၊ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မထိုက်တန်တဲ့ အဓိပ္ပာယ်အမဲ့ဆုံး သီအိုရီသာဖြစ်ပြီး ဒါဟာ ရန်လိုတဲ့ အင်အားစုတွေက ဖြန့်ဖြူးနေတဲ့ ကောလာဟလ အမှားသာ ဖြစ်တယ်လို့ ကင်မ်ယိုးဂျုံရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး KCNA သတင်းမှာ ဖတ်ကြားသွားပါတယ်။
မြောက်ကိုရီးယားရဲ့ တီထွင်ထုတ်လုပ်ထားတဲ့ လက်နက်တွေဟာ ပို့ကုန်အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ တောင်ကိုရီးယားကို ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်းလည်း ကင်မ်ယိုးဂျုံက ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေ လွှဲပြောင်းပေးခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲထားပါတယ်။
မော်စကိုနဲ့ ပြုံယမ်းတို့ဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပေမဲ့ ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ကြဖို့ မနှစ်တုန်းက ကတိပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားနိုင်ငံ အရှေ့ဖျားကို သွားရောက်ခဲ့ပြီးတော့ သမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးအစည်းအဝေး လုပ်ခဲ့ပြီးနောက်မှာ ၂ နိုင်ငံကြား ဆက်ဆံရေး သိသိသာသာ အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters