အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ ကြော်ငြာဘုတ် ပြိုကျခဲ့လို့ သေဆုံးသူဦးရေ ၁၆ ဦးအထိ ရှိလာခဲ့ပြီး အခုတော့ ကယ်ဆယ်ရေးသမားတွေရဲ့ အသက်ရှင်ကျန်ရစ်သူတွေကို နောက်ဆုံးရှာဖွေမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံအရာရှိတဦးက မေ ၁၆ ရက်မှာ ပြောပါတယ်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးသွားပါပြီ။ ဒီဖြစ်ရပ်ဆိုးမှာ လူ ၁၆ ဦး သေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၄၂ ဦးကို ဆေးဘက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့တွေက စစ်ဆေးခဲ့ပြီး ဆေးရုံတွေကို ပို့ပေးခဲ့ကြောင်း” ဒေသဆိုင်ရာ မြူနီစီပယ်ကော်ပိုရေးရှင်း အကြီးအကဲ ဘူရှန် ဂါဂရာနီက မေ ၁၆ ရက်မှာ ပြောပါတယ်။
မေ ၁၃ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အိုလံပစ်အရွယ် ရေကူးကန်ထက်ကြီးတဲ့ ကြော်ငြာဘုတ်ကြီးတခု ပြုတ်ကျခဲ့လို့ သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာပြီး လူ ၁၀၀ ကျော် ပိတ်မိနေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆိုင်းဘုတ်ကြီးဟာ စက်သုံးဆီဆိုင်တဆိုင်အပြင် နေအိမ်တွေနဲ့ ကားတွေပေါ်ကိုပါ ပြိုကျခဲ့ကြောင်း သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မွမ်ဘိုင်းမြို့ ဆင်ခြေဖုံးက ဂတ်ကိုပါရပ်ကွက်ရှိ လူရှုပ်ထွေး စည်ကားလှတဲ့ အဓိက မိန်းလမ်းမကြီးဘေးရှိ အပျက်အစီးတွေထဲကနေ လူတွေကို ဆွဲထုတ်ဖို့ ညလုံးပေါက် လုပ်ဆောင်ခဲ့ရပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေ ထပ်မဖြစ်အောင် တားဆီးဖို့အတွက် မွမ်ဘိုင်းရှိ ဘေလ်ဘုတ်တွေအားလုံးရဲ့ တည်ဆောက်ပုံဆိုင်ရာ စစ်ဆေးမှုကို လုပ်ဆောင်ဖို့ အမိန့်ထုတ်ခဲ့ကြောင်း မဟာရပ်ရှ်ထရာပြည်နယ် အကြီးအကဲက လူမှုမီဒီယာ X မှာ ပို့စ်ရေးသားပြီး ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters