စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်မှာ မေ ၆ ရက်ကနေ မေ ၁၇ ရက်ဒီကနေ့အထိ ကျေးရွာပေါင်း ၅ ရွာရှိ လူဦးရေ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ခွာထွက်ပြေးနေကြရတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက သတင်းထုတ်ပြန် ပါတယ်။
မေ ၆ ရက်ကစပြီး ဘီးလင်းခြေစိုက် အမှတ် ၃၁၄ တပ်ရင်းကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ရွှေရောင်ပြကျေးရွာ၊ ခလောက်အင်း၊ မရန်းကုန်း၊ မိချောင်းအိုင်၊ အဝန်းကြီးကျေးရွာက ပြည်သူတွေဟာ နီးစပ်ရာ တောတောင်စိုက်ခင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက နိုင်အဲမွန်က “အဓိကကတော့ သူတို့က လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်ခတ်တာ။ ဒါသူတို့ရဲ့ စစ်ဗျူဟာတခု ဖြစ်တယ်။ ဒီပြည်သူတွေက ရှိနေတဲ့ အတွက်ကြောင့် တော်လှန်ရေးအင်အားစုတွေက သူတို့ မှီခိုပြီးတော့ စစ်တိုက်နေရခြင်း ဖြစ်တယ်လို့ သူ့တို့ရဲ့ယေဘုယျယူဆချက်ကို သူတို့က အားနည်းသွားအောင် ပျော့ပြောင်းသွား အောင်၊ ပြိုကွဲသွားအောင်ဆိုလို့ရှိရင် သူက ပြည်သူကို အမြဲတမ်း ပစ်မှတ်ထားတယ်။ ဆိုတော့ ပြည်သူတွေကို အမြဲတမ်းလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ တောက်လျှောက်လုပ်တယ်။ ကင်းထောက်လေယာဉ်တွေ လွှတ်တယ်။ အခန့်မသင့်ရင်လည်း ကင်းထောက်လေယာဉ်တွေ ကဗုံးကြဲချတယ်။ စစ်သေနတ်နဲ့ပစ်လည်းရှိတယ်။ ဆိုတော့ ကျနော်တို့ အခုထုတ်ပြန်ထားတဲ့ နေရတွေကလည်း ဒီလိုပဲ ပြည်သူတွေကို ပစ်မှတ်ထားတဲ့အတွက် ပြည်သူတွေက ဘေးလွတ်မယ်လို့ ထင်တဲ့နေရာတွေကို အုပ်စုလိုက် မိသားစုလိုက် ထွက်ပြေးရတာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက နိုင်အဲမွန်က ပြောပါတယ်။
“သေဆုံးသူအရအတွက် ကလေးငယ်အပါဝင် အခုဆိုရင် ၆ ယောက်ရှိပြီ။ ဒဏ်ရာသူတွေက ၉ ယောက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်တဲ့ နို့စို့အရွယ်ကလေးလည်းပါတယ်။ ဒါတွေဟာ ဆိုးဆိုးဝါးဝါးပဲ။ အမြဲတမ်းလည်းဖြစ်တယ်။ အမြဲတမ်းလည်း ကျနော်တို့ လက်ခံရရှိနေတဲ့ အခြေအနေတွေ ဖြစ်နေတယ်။”
ဒါအပြင် လက်ရှိအချိန်မှာ မိုးဦးရာသီ မိုးရာသီရောက်တော့မှာဖြစ်တာကြောင့် ဒေသခံစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားဝတ်နေရေးအရေးပေါ်လိုအပ်နေပါတယ်။
မေ ၁၁ ရက်နကစပြီး ကျုံအိတ်တံတားကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ပြီး နောက်မှာ အမှတ် ၃၁၄ စစ်ကောင်စီ အမြောက်တပ်ရင်းဟာ အမြောက်တွေနဲ့ နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။