၂၀၂၃ နှစ်ကုန်ပိုင်းက လောက်ကိုင် ကျားဖြန့်ဂိုဏ်းကို စတင်ဖြိုခွင်းစဉ်မှာပဲ ကျားဖြန့်တရုတ်များစွာ မြန်မြန်ဆန်ဆန် ထွက်ပြေးခဲ့ကြတယ်။ ကိန်းဂဏန်းအတိအကျ မပြောနိုင်ကြပေမဲ့ ရန်ကုန်၊ မန္တလေး၊ မြဝတီနဲ့ ရှမ်းပြည်နယ် နယ်စပ်တကြော။ အပြေးအများဆုံးဒေသကတော့ မြဝတီလို့ သတင်းတချို့က ဖော်ပြကြတယ်။
ပြေးတယ်ဆိုပေမဲ့ စစ်ကောင်စီ အာဏာပိုင်အသိုင်းအဝိုင်းက ကယ်ရီခ မြိုးမြိုးမြက်မြက်ယူပြီး ပို့ဆောင်ပေးတာကြောင့် ဘီယာသောက်မပျက်၊ စီးကရက် အေးဆေးဖွာလျက် အပျော်ခရီးထွက်သလို စိုးရိမ်ထိတ်လန့်စိတ် တစုံတရာမရှိဘဲ ထွက်ပြေးရခြင်းပါပဲ။ အခိုင်အမာ အတည်ပြုနိုင်ခြင်း မရှိပေမဲ့ သာမန် ကျားဖြန့်သူဌေးအဆင့် ပြေးမယ်ဆိုရင် လောက်ကိုင်ကနေ မြဝတီအရောက် ကျပ်သိန်း ၄၀ လောက် ပေးရတယ်လို့ ဆိုကြတယ်။
မြဝတီကို လောက်ကိုင်ဒေသက ကျားဖြန့် တရုတ်တွေ ဘယ်၍ဘယ်မျှ ပြေးလာသလဲဆိုတာ မသိရပေမဲ့ ၂၀၁၄ ခုနှစ်ကစလို့ မြဝတီမြို့ပေါ်မှာ တရုတ်တွေကို အတွေ့ရပိုများလာသလို မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး၊ မြဝတီမြို့ပေါ် အမှတ် ၅ ရပ်ကွက် စတဲ့နေရာတွေမှာ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းငွေလိမ်ကျားဖြန့်နဲ့ ကာစီနိုရုံတွေလည်း များလာတယ်လို့ ဆိုကြတယ်။
လောက်ကိုင်ကျားဖြန့်တွေဟာ မြဝတီကို ဘယ်လိုအကြောင်းကြောင့် ရောက်လာကြသလဲ ဆိုတော့ မြဝတီမှာ ကျားဖြန့်လုပ်ငန်းကို လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်ခွင့် ရတာကြောင့်ပါပဲ။ အထူးသဖြင့် ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ရွှေကုက္ကိုလ်မြို့သစ်ဟာ ကျားဖြန့်လုပ်ငန်းနဲ့တွဲလို့ ပိုလို့တောင် အဆိုးကျော်ကြားလာပါတယ်။ ပြောရရင် မြဝတီကျားဖြန့်လုပ်ငန်းတွေမှာ နေရာထိုင်ခင်းပေး လုပ်ကိုင်ခွင့်ပြုထားသူဟာ BGF ခေါင်းဆောင်တစုလို့လည်း အများက ယူဆကြပါတယ်။
အရင်စစ်အုပ်စုဩဇာခံ ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်တွေကျတော့ ကျားဖြန့်ဂိုဏ်းကို နေရာထိုင်ခင်းပေးရုံတင်မက လိမ်လည်လှည့်ဖျားခြင်းဝင်ငွေဟာ ကြောက်မက်ဖွယ် ကြမ်းတာကြောင့် သူတို့ကိုယ်တိုင် ကျားဖြန့်ဂိုဏ်းရဲ့ ခေါင်းပေါင်းကြီးတွေအဖြစ် နေရာယူ လုပ်ကိုင်ခဲ့ကြတာကြောင့် ကျားဖြန့်ဟာ လောက်ကိုင်မှာ တရားဝင်စီးပွားရေးလုပ်ငန်းအသွင် ထင်ရှားခဲ့တယ်။
လောက်ကိုင်ရော မြဝတီမှာပါ ကျားဖြန့်လုပ်ငန်း ကြီးထွားလာခြင်းရဲ့ အဓိကအကြောင်းရင်း နောက်တချက်က စစ်ကောင်စီ ဒေသအာဏာပိုင်ကနေ စစ်ဗိုလ်ချုပ်အဆင့်ထိ လိုင်းကြေးယူကာ ကျောထောက်နောက်ခံပေးခြင်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်ဒေသ စစ်ကောင်စီအုပ်ချုပ်ရေး ပြိုသွားသလို ကျားဖြန့်လုပ်ငန်းလည်း ပုံလဲခဲ့တယ်။ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကိုသာ မရပ်နိုင်ခဲ့ဘူးဆိုရင် မန္တလေးတောင် ပါသွားနိုင်တာကြောင့် စစ်ကောင်စီက တရုတ်ရှေ့မှောက် ဒူးထောက်ခဲ့ရတယ်။ တရုတ်အစိုးရက တအောင်း TNLA နဲ့ ကိုးကန့် MNDAA ကို ဖိအားပေးကာ ယာယီအပစ်ရပ်စေခဲ့တယ်။ အဲဒီအတွက် စစ်ကောင်စီ ပြန်ပေးရတာကတော့ လောက်ကိုင် ကျားဖြန့်ဂိုဏ်းချုပ်တွေပါမကျန် တရုတ်လက် ထိုးအပ်ရခြင်းနဲ့ မြန်မာပြည်တွင်းက ကျားဖြန့်လုပ်ငန်းတွေကို အမှန်အကန် နှိမ်နင်းပေးရေးပဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှာ စစ်ကောင်စီဩဇာခံ ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ အပေါင်းအပါတစုကို မင်းအောင်လှိုင်က တရုတ်လက်သို့ လွှဲအပ်ကာ တရုတ်အပေါ် ကျိုးနွံကြောင်း မလွှဲမရှောင်သာ သက်သေပြခဲ့ရတယ်။ ဒါကို နောက်တမျိုးပြောရရင် မင်းအောင်လှိုင်ဟာ သူ့အာဏာသက်ဆိုးရှည်ရေးအတွက် သူ့အပေါ် အကျိုးပြုခဲ့တဲ့လူတွေကို ပြန်ထိုးကျွေးကာ သူမလုပ်ရဲတာ ဘာမှမရှိကြောင်း သက်သေပြလိုက်ခြင်းပါပဲ။
ပယ်ဆောက်ချိန်တို့တသိုက် တရုတ်ထောင်ထဲ ခေါင်းအုံးလိုက်ရပြီဖြစ်ပေမဲ့ မတရားသဖြင့် ငွေအဝင်ကြမ်းတဲ့ ကျားဖြန့်လုပ်ငန်းက မြဝတီမှာ ပိုအားကောင်းခဲ့တယ်။ အွန်လိုင်း ငွေလိမ်လုပ်ငန်းဆိုတာ နယ်နိမိတ်မျဉ်း အဆီးအတား အကန့်အသတ်မရှိဘဲ အင်တာနက်ရှိတဲ့ ဘယ်နေရာကနေမဆို အင်တာနက်ရှိတဲ့ တကမ္ဘာလုံးကို လိမ်လို့ရပါတယ်။ ပြီးတော့ ကျားဖြန့် တရုတ်တွေရဲ့ အဓိကပစ်မှတ်ထဲမှာ တရုတ်ပြည်သူတွေ ပါနေတာက တရုတ်အစိုးရအတွက် ရတက်မအေးစရာပါပဲ။
ဒါ့ကြောင့် မြဝတီကျားဖြန့်ကို ဆက်ရှင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီကို ဖိအားပေးမှာ သေချာပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာတော့ BGF ခေါင်းဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဖို့ စီစဉ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းနဲ့ မရှေးမနှောင်းမှာပဲ စစ်ကောင်စီဆီကနေ လစာနဲ့ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်တော့မယ်လို့ ကရင် BGF က ထုတ်ပြန်ခဲ့ပါတယ်။ ကရင်အချင်းချင်း မတိုက်ချင်တော့ဘူးလို့လည်း BGF က ဆိုပါတယ်။
အဲဒီနောက် မတ် ၇ ရက်မှာ မြဝတီမြို့အနီး သင်္ဃန်းညီနောင်က စစ်ကောင်စီတပ်ရင်းတွေကို KNLA ပူးပေါင်းတပ်က ဝင်တိုက်ခဲ့ပြီး ဧပြီပထမပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ BGF လက်တွဲဖြုတ်ခဲ့ပြီးနောက် စစ်တပ်ရဲ့အခြေအနေကို ဖော်ပြနေပါတယ်။
ဆက်လက်ပြီး မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်ရာမှာ BGF အကာအကွယ်နဲ့ ခလရ ၂၇၅ စစ်သားတွေ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားခြေရင်း ထွက်ပြေးရတာတွေ၊ တံတားခြေရင်း သမံတလင်း ခေါင်းအုံးရတဲ့ဘဝကနေ ခလရ ၂၇၅ တပ်ရင်းထဲ BGF အကူအညီနဲ့ပဲ ပြန်ခြေချခွင့်ရတာတွေ၊ ဒီနေ့အချိန်ထိ BGF ကြောင့်သာ မြဝတီမြို့ကို စစ်ကောင်စီ ပြန်အုပ်ချုပ်ခွင့် ရနေတာတွေကလည်း BGF ဘာလဲဆိုတာကို ဆက်လက်ဖော်ပြနေပြန်ပါတယ်။
မြဝတီမြို့ဆိုတာ သင်္ဃန်းညီနောင်တပ်ရင်းတွေ ပြိုသွားပြီးကတည်းက ပွဲပြီးသွားပြီလို့ စစ်ကောင်စီက သိတယ်။ အဲဒါကြောင့်လည်း နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးဆိုပြီး ဧပြီ ၇ ရက်ကတည်းက မော်လမြိုင်ကနေ စစ်ကြောင်းထွက်ခဲ့တယ်။ သတင်းတွေအရ အောင်ဇေယျစစ်ဆင်ရေး အင်အား ၁,၅၀၀ ဝန်းကျင်၊ လက်နက်ကြီး၊ သံချပ်ကာ၊ လေကြောင်းပစ်ကူတွေနဲ့ မြဝတီရောက်ဖို့သာ နံပါတ်တစ် ကြိုက်သလောက်သေ အေးဆေး ဆိုတာမျိုး။ စစ်ကောင်စီခေါင်းထဲ တောက်လျှောက်စူးနေတာက အောင်ဇေယျစစ်ကြောင်းဟာ ဒီနေ့ထိတိုင် ဒေါနတောင်တန်းကို မကျော်နိုင်ဘဲ တော်လှန်ရေးတပ်တွေ ချေမှုန်းတာ ခံနေရခြင်းပါပဲ။
ဒေါနတောင်တန်းကို မကျော်နိုင်ခဲ့ဘူးဆိုရင်၊ သင်္ဃန်းညီနောင်မှာ စစ်ကောင်စီတပ်တွေ ပြန်အခြေမစိုက်နိုင်ဘူးဆိုရင် မြဝတီမြို့ကို စစ်ကောင်စီ ပြန်သိမ်းနိုင်ပြီလို့ မပြောနိုင်သလို မြဝတီအုပ်ချုပ်ရေးဆိုတာ BGF သဒ္ဓါသလောက်ပဲ စစ်ကောင်စီရရှိမယ့် သဘောပါပဲ။
ပြီးတော့ BGF ဆိုတာက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) အဖြစ် နာမည်ပြောင်းလိုက်ပြီဖြစ်သလို BGF အနေနဲ့ ဘယ်လိုရှေ့ဆက်ရပ်မလဲဆိုတာ မသဲကွဲသေးတာကြောင့် စစ်ကောင်စီအနေနဲ့ ခေါင်းကိုက်နေရပါတယ်။ ဒါ့ကြောင့် BGF သာ အနေအထိုင် မတတ်ဘူးဆိုရင် မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်ကို ဗုံးကြဲပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ကာ ငြိမ်ဆေးကျွေးထားရပါတယ်။ ဧပြီ ၂၀ ရက်၊ မြဝတီအမှတ် ၂ တံတားအနီး တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၁၅၀ ဝန်းကျင် ကြဲချကာ ဘာကိုမှ ဂရုမစိုက်ကြောင်း သက်သေပြခဲ့ခြင်းက BGF ကို အချိုးပြေစေခဲ့တယ်။
ပြောရရင် စစ်ကောင်စီတပ်ဟာ သင်္ဃန်းညီနောင်မှာ အရင်လို ပြန်အခြေစိုက်နိုင်ခဲ့ရင်တောင် BGF ရဲ့ ရပ်ခံပေးမှုမပါဘဲ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး။ BGF နဲ့ အခုလို မကင်းရာ မကင်းကြောင်းအဆင့် ရပ်တည်သွားဖို့ကျတော့လည်း တရုတ်ကြိမ်းမောင်းနေတဲ့ မြဝတီ ကျားဖြန့်နှိမ်နင်းရေးကလည်း ရှိနေပြန်တယ်။
BGF ကျတော့လည်း စစ်တပ်က ရွှေကုက္ကိုလ်ကို ဗုံးကြဲမှာ ကြောက်လို့သာ ဆက်ဆံနေရပေမဲ့ နေပြည်တော် စစ်ဗိုလ်ချုပ်တွေဟာ ဘယ်လိုမှ မယုံရတော့ဘူးဆိုတာ ပယ်ဆောက်ချိန်ပေးတဲ့ သင်ခန်းစာအရ သိရှိပြီးသားပါ။ တဖက်မှာလည်း ဧပြီလအတွင်း မြဝတီမြို့သိမ်းပွဲဖြစ်စဉ်မှာ ဗလောင်းဗလဲတွေ လုပ်ခဲ့တာမို့ BGF ဟာ ပြည်သူတွေရဲ့ကြား သိက္ခာကျပြီးသား။ ပြီးတော့ စစ်ကောင်စီနဲ့ပေါင်းပြီး လုပ်စားနေတဲ့ ကျားဖြန့်ပြဿနာကို ဘယ်ပြည်သူကမှ လက်မခံပါဘူး။
ဒါ့အပြင် ဧပြီ ၂၂ ရက်က ထုတ်ပြန်တဲ့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အစီရင်ခံစာမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနဲ့ ဗိုလ်မုတ်သုန်တို့ဟာ မြဝတီ၊ ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းမှာ အဓိကပါဝင်နေသူအဖြစ် စွပ်စွဲထားချက်ကလည်း ခေါင်း ဆင်နင်းခံရသလိုပါပဲ။
အဲဒီအစီရင်ခံစာထွက်ပြီး မကြာခင်မှာပဲ BGF က မြဝတီမြို့နဲ့ အနီးတဝိုက်ရှိ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအားလုံး မေလ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာကြဖို့ စာထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို စာထုတ်ပြန်တာဟာ နိုင်ငံတကာ အာရုံစိုက်မှု ရှိလာတိုင်း ကျားဖြန့်ပြဿနာကို လေပေါင်လျှော့ချဖို့အတွက်သာ ဖြစ်တယ်လို့ အကဲဖြတ်မှုတွေ ရှိပါတယ်။ စာထုတ်ပြန်ပြီး နောက်မှာလည်း ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေဆဲ ဖြစ်သလို အလုပ်သမားသစ်တွေလည်း အောတိုက်ခေါ်ယူနေကြောင်း သတင်းတချို့က ဖော်ပြပါတယ်။
ဆိုတော့ မြဝတီ ကျားဖြန့်လုပ်ငန်းတွေသာ မရပ်ဘူးဆိုရင် စစ်ကောင်စီက BGF အပေါ် ဘယ်လိုသဘောထားမလဲ ဆိုတာနဲ့ BGF အနေနဲ့ စစ်ကောင်စီနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အခုအချိန်ထိ စစ်ကောင်စီနဲ့ BGF ဟာ အပြန်အလှန် လိုအပ်ချက်တွေ၊ အပြန်အလှန် ခြိမ်းခြောက်မှုတွေနဲ့ တယောက်အမြီး တယောက်ခဲထားဆဲပါပဲ။
ဝင်းမိုး