Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် ညကင်းမစောင့်ပါက ငွေ ၃၀၀၀၀ ကျပ် တောင်းခံ
DVB
·
May 17, 2024
maw 1752024

ဧရာဝတီတိုင်း  မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက အရပ်သားတွေ ကို အလှည့်ကျကင်းစောင့်ခိုင်းနေပြီး ကင်းစောင့် မပေးသူတွေကို တအိမ်ငွေကျပ် ၃၀၀၀၀ အထိ ပေးနေရလို့ ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေကြပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းကိစ္စတွေ ထဲထဲဝင်ဝင် လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် မေ ၅ ရက်ကစတင်ကာ ကျေးရွာအဝင် ကင်းစောင့်ဂိတ်တခုကို အမျိုးသား ၅ ယောက်က မနက် ၆ နာရီကနေ နောက်နေ့ မနက် ၆ နာရီ အထိ အလှည့်ကျစနစ်နဲ့ နေ့စဉ် ကင်းစောင့်ပေးနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ကင်းစောင့်ခိုင်းတာက အုပ်ချုပ်ရေးမှူးတွေက စောင့်ခိုင်းတာ။ ရပ်ရွာလုံခြုံရေးအတွက်လို့ ပြောတာပဲ။ တနေ့လုပ် တနေ့စားတွေမို့ ကင်းမစောင့်နိုင်ရင် အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံ ၃၀၀၀၀ ပေးရတယ်။ မဖြစ်မနေ ပေးရတာ။ မပေးရင် ဖမ်းမယ်၊ ငါက အထက်ညွှန်ကြားချက်အတိုင်းလုပ်တာတဲ့။ ဒီကင်းစောင့်ရတဲ့စနစ်ကြောင့် တရွာလုံးကတော့ အရမ်းအခက်ခဲတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒေသခံအရပ်သားတွေက တကြိမ်ကင်းမစောင့်ရင် ကင်းကြေးငွေကျပ် ၃၀၀၀၀ မပေးနိုင်တဲ့အတွက် ကိုယ်တိုင် ညကင်းစောင့်ပေးနေရပြီး အသက်အရွယ် ၅၀ ကနေ ၆၀ ကျော်အရွယ်ရှိ သက်ကြီး ရွယ်အိုများပါမကျန် ၃၀၀၀၀ မပေးနိုင်လို့ ကိုယ်တိုင် ညကင်းစောင့်နေရတယ်လို့ ဆိုပါတယ်။

''ည ၆ နာရီကေန နောက်တနေ့ မနက် ၆ နာရီ အထိစောင့် ပေးရတာ။ မစောင့်ပေးရင် ရွာထဲတခုခု ပြဿနာတက်လာရင် မင်းတို့တွေ လွယ်မယ်မထင်နဲ့လို့ပြောတာ။ မစောင့်နိုင်ဘူးဆို လည်း ပိုက်ဆံပေးရင်ရတယ်လို့ အုပ်ကြီးက ပြောတယ်။ ပိုက်ဆံလည်း မပေး ကင်းလည်း မစောင့်ရင် စစ်တပ်ကို တင်ပြပြီး ဖမ်းဆီးခိုင်းမယ်လို့ ပြောတာ။ အဖမ်းခံရမှာ ကြောက်လို့စောင့်ကြတဲ့သူ တွေလည်း မနည်းဘူးရှိတယ်” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၁၀၀ ကျော်၊ ကျေးရွာခွဲ ၆၀၀ ကျော်အထိရှိကာ လတ်တလော ကျေးရွာ အုပ်စု ၇၀ နီးပါးလောက်မှာ ညကင်းစတင်စောင့်နေရပြီး ၁၀ ရက် တကြိမ် ဒါမှမဟုတ် ၇ ရက်တကြိမ် စစ်ကောင်စီတပ်က ကျေးရွာတွေဘက်မှာ ညကင်းကင်းလှည့်တာလည်း ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

photo- တော်ဝင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013