Home
ဆောင်းပါး
စင်္ကာပူစနစ်က မွေးထုတ်ပေးခဲ့တဲ့ ခေါင်းဆောင်
DVB
·
May 17, 2024
LawrenceWong01

အသက် ၇၂ နှစ်အရွယ် စင်္ကာပူဝန်ကြီးချုပ် လီရှင်လွန်းက သူ့ဆန္ဒနဲ့သူ အနားယူသွားခဲ့ပါပြီ။ ဝန်ကြီးချုပ်သစ် လောရင့်ဝေါင်း ဝန်ကြီးချုပ်သစ် ဖြစ်လာတယ်။ အသက် ၅၁ နှစ်အရွယ် လောရင့်ဝေါင်းက နိုင်ငံရေးမျိုးရိုးစဉ်ဆက် မရှိတဲ့သူ၊ သာမန်တိုက်ခန်းမှာ နေထိုင်ခဲ့ပြီး အခြေခံပညာကျောင်းကို ရပ်ကွက်ကျောင်းမှာပဲ တက်ရောက်ခဲ့တဲ့သူ။ စင်္ကာပူနိုင်ငံ ၁၉၆၅ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း မွေးဖွားလာတဲ့သူ။ တိတိပပပြောရရင် လွတ်လပ်ရေးရပြီး စင်္ကာပူနိုင်ငံရဲ့ စနစ်ကနေ မွေးထုတ်ပေးခဲ့တဲ့သူ။

ဒီလိုနဲ့ သူ့အကြောင်း ဆောင်းပါးတွေ၊ သူဖြေရှင်းရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူကိုယ်တိုင်ကို အင်တာဗျူးထားတာတွေ ဖတ်ရတယ်။ ကြည့်ရတယ်။ ဒီနေရာမှာ အတွေးပွားစရာ ဖြစ်လာတာ။

လွတ်လပ်ရေးရပြီး စင်္ကာပူနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ၄ ဦးရှိတယ်လို့ ဆိုနိုင်တယ်။ ဝါရင့် သက်တန်းရှည် ဝန်ကြီးချုပ်တွေဖြစ်တဲ့ လီကွမ်းယု (၁၉၅၉-၁၉၉၀) (၃၁ နှစ်ကြာ)၊ နောက်တော့ ဂိုချုပ်တောင် (၁၉၉၀-၂၀၀၁) (၁၃ နှစ်ကြာ)၊ လီကွမ်ယုသား လီရှင်လွန်း (၂၀၀၄-၂၀၂၄) (၁၉-နှစ်ကြာ) နဲ့ အခု လောရင့်ဝေါင်းပဲ။

ဒါပေမဲ့ ဝန်ကြီးချုပ်တဦးလက်အောက်မှာ နောက်တက်လာမယ့် ဝန်ကြီးချုပ်တဦးကို မြေတောင်မြှောက် မွေးမြူပေးခဲ့တယ်လို့ ယူဆနိုင်တယ်။ အသက် ၈၂ မှာ နားခဲ့တဲ့ ဝန်ကြီးချုပ် ဂိုချုပ်တောင်က လီကွမ်ယုအောက်မှာ ၅ နှစ် လက်ထောက်လုပ်ခဲ့တယ်။ တခါ လီရှင်လွန်းက ဝန်ကြီးချုပ် ဂိုချုပ်တောင် အောက်မှာ ၁၄ နှစ်ကြာ လုပ်ခဲ့တယ်။ အခု လောရင့်ဝေါင်းကလည်း လီရှင်လွန်းရဲ့ အစိုးရဝန်ကြီး ဖြစ်ခဲ့သေးတယ်။ ဝေါင်းက ၁၉၉၇ ခုနှစ်မှာ ဗျူရိုကရက်အစိုးရ အရာရှိဘဝ စတယ်။ နောက်တော့ ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးဘက်ကို ကူးတယ်။

ပထမဝန်ကြီးချုပ် လီကွမ်ယုက ဒီမိုဒယ်ကို အစပျိုးခဲ့ပေမဲ့ တတိယဝန်ကြီးချုပ် လီရှင်လွန်း အောက်မှာ အပြောင်းအလဲတွေ ပိုဖြစ်ပေါ်ခဲ့တယ်။ စင်္ကာပူက အာဏာရှင်တပိုင်း ဖြစ်ပေမဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပိုမိုကြွယ်ဝခဲ့တယ်။

ခုအချိန်မှာတော့ စင်္ကာပူက ကမ္ဘာ့ဈေးအမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါနေတယ်။ အိုးအိမ်ဈေးတွေက တက်နေတယ်။ သာမန်လူတန်းစားတွေအတွက် အခန်းတခန်းပိုင်ဖို့ မလွယ်တော့ဘူး။ စင်္ကာပူ လူထုအများစုအဖို့ လူတန်းစားသဘောအရ ဆက်ပြီး ရှေ့တက်ရေးက ခက်ခဲနေပြီ။ နောက်ကို ပြန်လန်ကျနေပြီ။ လွတ်လပ်စွာ ပြောဆိုခွင့်တွေလည်း ထိန်းချုပ်ခံထားရတယ်။ “စင်္ကာပူက ဈေးအချိုဆုံး နိုင်ငံတခု မဟုတ်တာ ကျနော်တို့ သိပါတယ်။ ကျနော်တို့စနစ်ကို တန်ဖိုးမြှင့်တင်နိုင်ဖို့နဲ့ စင်္ကာပူရဲ့ တန်ဖိုးထားမှုတွေကို ပိုလို့ မျှတအောင် ကြိုးစားကြရပါလိမ့်မယ်” လို့ ဝေါင်းက ပြောခဲ့တယ်။

ဝေါင်းအနေနဲ့ စနစ်ကို နောက်ထပ် Upgrade အဆင့်တခု ထပ်မြှင့်တင်ဖို့ လိုအပ်နေပြီ။ စင်္ကာပူရဲ့ ဆင်းရဲချမ်းသာကွာဟမှုနဲ့ လူတန်းစားအရ ရှေ့ဆက်တက်နိုင်ဖို့ ပြဿနာတွေ ဖြေရှင်းပေးရမယ်။ ကြီးမြင့်လာတဲ့ လူနေမှုစရိတ်တွေနဲ့အတူ လူမှုဖူလုံရေး ပိုက်ကွန်ကိုလည်း သေချာလုပ်ပေးရမယ်။ ဝေါင်းကပြောတယ်၊ စင်္ကာပူက သတ်မှတ်ထားတဲ့ အရည်အချင်းအလိုက် နေရာပေးဖို့ စနစ် (meritocracy) ဆိုတာကလည်း အလျှင်အမြန် ပြောင်းနေတဲ့ စနစ်ကြီးမှာ အဓိပ္ပာယ် “သိပ်ကျဉ်းမြောင်း” နေပါပြီတဲ့။

မစ္စတာဝေါင်း ဖြတ်သန်းလာရတဲ့ ငယ်စဉ်ဘဝကို လူမှုရေးပဋိညာဉ်ပေါ့ (social compact) က စင်္ကာပူ အောင်မြင်မှုအတွက် ဇာတ်လမ်းပဲလို့ အင်တာဗျူးတခုမှာ ဖြေပါတယ်။ စင်္ကာပူကို လူတိုင်းက အခွင့်အလမ်းတွေနဲ့နေရာ၊ ကိုယ်တိုးတက်ကြီးပွား ဖြစ်ထွန်းနိုင်တဲ့ ‌လူမှုအသိုက်အဝန်းတခုဖြစ်ဖို့ ကြိုးပမ်းခဲ့ကြတာပါတဲ့။ လူတွေမှာ ကွာခြားမှုရှိကြပါတယ်။ တဦးနဲ့တဦး အမြဲ မဆုံးနိုင်တဲ့ ကြွက်ပြေးပြိုင်ပွဲ (rate race) လို ပြေးနေ ပြိုင်ဆိုင်နေကြဖို့ မဟုတ်ပါဘူး။ ဒီလိုဖြစ်ဖို့ ကျနော်တို့စနစ်၊ လူမှုအသိုက်အဝန်းက အလုပ်ဟူသမျှက လူလေးစားခံရဖို့ ဖြစ်ရမယ်။ မျှတတဲ့လစာ ရှိရမယ်။ လူတဦးချင်းက ဖြည့်ဆည်းဆောင်ရွက်မှုကိုလည်း အသိအမှတ်ပြုကြဖို့ လိုအပ်ပါတယ်။ ဒီလို စင်္ကာပူစနစ်ကပဲ သူ့ကို မွေးထုတ်ခဲ့တာပါ။

အဲသလိုပြောရရင် ကျနော်တို့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး စနစ်သစ်ထဲက မွေးထုတ်လိုက်သူတွေပဲ။ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးတော့ နောက်ပိုင်း ကျနော်တို့ မွေးတယ်။ ဆိုရှယ်လစ်စနစ်ထဲ ကြီးပြင်းတယ်။ အဲဒီခေတ် သင်ပေးလိုက်တဲ့ ပညာရေးကို ရတယ်။ လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော စနစ်ဆိုတဲ့ “ကျွန်ုပ်တို့၏ ယုံကြည်ချက်” ဆိုတာနဲ့ ကြီးပြင်းလာရသူတွေ။ ကျနော်တို့ကို ပြောခဲ့တဲ့ ဆိုရှယ်လစ် လူ့ဘောင်ဆိုတာကလည်း အလုပ်လုပ်ရင် လုပ်သလောက် ခံစားရမယ်ဆိုတဲ့ စနစ်။

ဒီလိုနဲ့ ကျနော်လည်း နေရာလွဲ ပြည်ပရောက်သွားတယ်။ မြန်မာနိုင်ငံ ဗျူရိုကရေစီ ယန္တရားထဲတော့ မဖြတ်သန်းခဲ့ဖူးဘူး။ ၁၉၈၈ နောက်ပိုင်း ကျနော့်သူငယ်ချင်းတွေတချို့လည်း အစိုးရအလုပ် မလုပ်ခဲ့ကြဘူး။ တချို့လည်း အခုဆိုရင် အငြိမ်းစားတွေ ဘာတွေ ယူခဲ့ကြပြီ။ မြန်မာနိုင်ငံ အုပ်ချုပ်သူ (တနည်း သမ္မတ၊ ဝန်ကြီးချုပ်၊ အစိုးရတွေလည်း) တခုပြီးတခု ပြောင်းခဲ့ကြတယ်။ ခရိုနီတွေ ပေါ်လာတယ်။ အာဏာကို မလွှတ်တမ်း ကိုင်ထားချင်တဲ့ အုပ်စုတွေ ပေါ်လာတယ်။ သူပုန်တွေ ပေါ်လာတယ်။ ဒုက္ခသည်တွေ ပေါ်လာခဲ့တယ်။ ထားစရာ နေရာမရှိသူတွေနဲ့ စားစရာမရှိသူတွေ ပေါ်လာခဲ့တယ်။

“ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ

တခါ လွဲရင် နှစ်ပေါင်း ဘယ်လောက် ကြာတတ်လဲ

ခင်ခင်ပျိုရေ .. ငါစောင့်ခဲ့တယ် .. ။ ”

-အောင်ချိမ့်

-အရင်းအနှီး အဆုံးအရှုံးများတဲ့နှစ် ကဗျာမှ

အောင်သူငြိမ်း

Photo- Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013