Home
နိုင်ငံတကာ
ကနေဒါတောမီးကြောင့် လူထောင်ချီကို ဘေးလွတ်ရာရွေ့ပြောင်း
DVB
·
May 17, 2024
canada world 1752024

ကနေဒါနိုင်ငံမြောက်ပိုင်းမှာ တောမီးလောင်နေလို့  ဖို့ထ်မက်မာရေး မြို့ခံတွေဟာ ညတွင်းချင်းမှာ ဘေးလွတ်ရာ ရွေ့ပြောင်းထွက်ပြေးခဲ့ကြရပါတယ်။

ဒေသခံအာဏာပိုင်တွေဆီက ဘေးကင်းရာရွှေ့ဖို့ တပ်လှန့်ချက်ကို နားထောင်ရင်း နာရီချီ ယာဉ်ကြောပိတ်နေချိန်မှာ ကောင်းကင်က လိမ်မော်ရောင်တောက်နေပြီး မီးခိုးနံ့တွေ ရနေတယ်လို့ ဒေသခံအများအပြားက  ပြောပါတယ်။

အကြီးစား တောမီးကြီးကို ရေနံသဲတွေရှိတဲ့ ဒီမြို့ကနေ ဝေးတဲ့ဆီကို လေတိုက်နေလို့ နည်းနည်း သက်သာရာရတယ်လို့ အရာရှိတွေကပြောကြားခဲ့ပြီး လူအယောက် ၆၆၀၀ ကို ဘေးကင်းရာ ရွှေ့ဖို့ အမိန့်ပေးခဲ့ ပြီးပါပြီ။

ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ တောမီးဟာ ညတွင်းချင်းမှာ ပိုကြီးလာပြီး မနက် အစောပိုင်းမှာ မြို့ရဲ့ အရှေ့တောင်ဘက် ဆင်ခြေဖုံးမှာ ရှိတဲ့ အမှိုက်ပုံကြီးကနေ ၃ မိုင်ခွဲ အကွာ အနားထိ ရောက်လာတာပါ။

၂၀၁၆ တုန်းကလည်း အဲဒီမြို့မှာ တောမီးကြောင့် လူ အယောက် ၉၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး အဆောက်အဦး ၂၄၀၀ လောက် မီးလောင်ခဲ့လို့ တရက်ကို ရေနံစည် တသန်းကျော် ထုတ်နေတဲ့ ရေနံလုပ်ငန်းလည်း ပိတ်ထားခဲ့ရပါတယ်။

တောမီးတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို လေထုထဲ အချိန်တိုအတွင်း အများအပြား ထုတ်လွှတ်လို့ ရာသီဥတု ပြောင်းလဲမှု အပေါ် သက်ရောက်ပါတယ်။

တောမီးဟာ သဘာဝအတိုင်း သစ်ရွက်တွေဆွေးလို့ လေထုထဲ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်တဲ့ ပမာဏထက် ပိုများတဲ့ ပမာဏကို ထုတ်လွှတ်လို့ ကမ္ဘာကြီး ပူနွေးမှုနဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်တွေရဲ့ တွေ့ရှိချက်က ပြထားပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013