ရုရှားနဲ့ တရုတ် နှစ်နိုင်ငံဟာ နျူးကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး နက်နက်ရှိုင်းရှိုင်း လုပ်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း မေ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံထဲက ထျန်းဝမ် နျူးကလီးယား စွမ်းအင်စက်ရုံနဲ့ ရွှီတာ့ပူ နျူးကလီးယားစွမ်းအင် စက်ရုံတို့မှာ ရုရှားဒီဇိုင်း စွမ်းအင်စက်ရုံတွေကို ရုရှားအစိုးရက လုပ်ငန်းလည်ပတ်နေတဲ့ ရိုစာတွန်မ်ကုမ္ပဏီက တည်ဆောက်သွားမယ်လို့ ပူတင်က ပြောပါတယ်။
တရုတ်စီးပွားရေးအတွက် စွမ်းအင်ဖြန့်ဖြူးရာမှာ သူတို့က သိသိသာသာ ထည့်ဝင်သွားလိမ့်မယ်။ ဒါဟာ စျေးမကြီးဘဲ သန့်ရှင်းတဲ့စွမ်းအင်ကို အိမ်ထောင်စုတွေ တရုတ်စီးပွားရေးလုပ်ငန်းတွေဆီ ဖြန့်ဖြူးရာမှာ ကူညီလိမ့်မယ်လို့လည်း ပူတင်က ပြောပါတယ်။
နျူးကလီးယား သုတေသနအတွက် ပူးတွဲ တက္ကသိုလ်အခြေခံအနေနဲ့ မော်စကိုမြို့တော်နားက ဒက်ဘ်နာမြို့မှာ တရုတ် မိတ်ဖက်တွေရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ နီကာ လို့ခေါ်တဲ့ ရုရှား-တရုတ် ပူးတွဲ စမ်းသပ် နျူးကလီးယားစက်ရုံ အကြောင်းကိုလည်း ပူတင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ လက်လှမ်းမမီနိုင်တဲ့ ကြီးမားတဲ့ သိပ္ပံစီမံကိန်းတွေကို ဒီစမ်းသပ်ချက်တွေက အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ပူတင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပူတင်ဟာ ၂ ရက်တာ တရားဝင် နိုင်ငံတော်ခရီးစဉ် အနေနဲ့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို မေ ၁၆ ရက်မှာ ရောက်လာတာပါ။
ရုရှားကို စစ်ရေးအထောက်အပံ့တွေ နက်နက်ရှိုင်းရှိုင်း ပေးနေတာနဲ့ ပတ်သက်ပြီး သတိပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အရင်လက တရုတ်နိုင်ငံကို လာခဲ့အပြီး ပူတင် ရောက်လာတာလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ကြာသပတေးညနေ ဆွေးနွေးပွဲအတွင်း ယူကရိန်း၊ အာရှ၊ စွမ်းအင်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ရုရှားသမ္မတနန်းတော် နိုင်ငံခြားရေးမူဝါဒ လက်ထောက် ယူရိ ယူရှာကို့ဗ်က ပြောခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲတွေကို ပူတင်က အသစ်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆာ့ဗ်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်၊ လုံခြုံရေးကောင်စီ အတွင်းဝန် ဆာဂီလ် ရွှိုင်ဂူနဲ့ နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီ အူရှာကို့ဗ်တို့ အပြင် ရုရှားရဲ့ ဩဇာအကြီးဆုံး ကုမ္ပဏီတွေက အမှုဆောင်အရာရှိတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
Source/Photo-Reuters