Home
မြန်မာသတင်း
မြို့နယ် ၃ ခုတွင် မြေမြှုပ်မိုင်းနှင့်စစ်ကျန်လက်နက်ကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
DVB
·
May 17, 2024
473273-COVID-19-Mandalay-test-1-730x365

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့မိုင်းနင်းမိတာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

တမူးမြို့နယ် မြို့သစ်မြို့နယ်ခွဲက၊ မွှေလင်းကျေးရွာသား ၂ ဦးဟာ မေ ၁၄ ရက်၊ မနက် ၁၀ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်သားတွေထောင်ထားတဲ့မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မွှေလင်းကျေးရွာ ဒေသခံတဦးက “သူတို့ ၂ ယောက်ကရွာပြန်ပြီး ရွာထဲရောက်နေတဲ့ စစ်သားတွေ အခြေအနေကြည့်ရင်း၊ အ၀တ်အစားနဲ့ စားစရာတွေပြန်ယူရင်းဆိုပြီး ရွာပြန်သွားကြတာ။ ရွာမရောက်ခင် ရွာအ၀င်လမ်းမှာဘဲ စစ်သားတွေထောင်ခဲ့တဲ့ မိုင်းနင်းမိပြီး ဆုံးသွားကြတယ်။ အလောင်းတောင် မနည်းပြန်သယ်ခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။

မိုင်းနင်းမိပြီး သေဆုံးသွားသူတွေဟာ အသက် ၄၀ အရွယ် လိုင်းထင်ဒမ်း (ခ) ငဲပူ နဲ့ ကိုအောင်မိုးလွင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ မေ ၇ ရက်ကနေ ၁၁ ရက်အထိ မြို့သစ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲစဥ် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြရင်း မွှေလင်းကျေးရွာကို ရောက်ရှိလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းအမျိုးသားတဦးက “မြို့သစ်မြို့ကို PDF တွေသိမ်းတော့ အဲ့မြို့ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေက ဒီရွာရောက်လာပြီး အိမ်တွေထဲက စားစရာတွေနဲ့ အ၀တ်အစား အသုံးအဆောင်တွေ လုယူကြတာ။ တရွာလုံးက ရွာသားတွေလည်းကြောက်လို့ ထွက်ပြေးကြတယ်။ ရွာကနေ စစ်သားတွေ ပြန်ထွက်သွားကြတော့ လမ်းတွေပေါ်မှာ မိုင်းတွေထောင်ခဲ့ကြတယ်လေ” လို့ ပြောပါတယ်။

တမူးမြို့နယ်ထဲက ဆရာစံကျေးရွာမှာနေထိုင်တဲ့ ချင်းအမျိုးသား အသက် ၃၀ အရွယ် ကိုမောင်ငယ် (ခ) ကိုထန်လျှံမွန် ဟာလည်း မေ ၁၅ ရက် မနက်က စစ်ကောင်စီတပ်သားတွေ ထောင်ခဲ့တဲ့မိုင်းနင်းမိပြီး နေရာမှာတင် သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထောင်ခဲ့တဲ့မိုင်းတွေကြောင့် မွှေလင်းရွာသားတွေ ရွာကို ပြန်မ၀င်ရဲကြသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ နီးစပ်တဲ့နေရာတွေနဲ့ စစ်တပ်ကစစ်ကြောင်းထိုးခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီဘက်က မိုင်းထောင်ခဲ့တာတွေရှိတဲ့အတွက် ပြည်သူတွေ သတိထားရှောင်ရှားကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့မှာ ၂ ရက်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးတဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတဲ့သူမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက မောင်ခင်မောင်သန်း (၁၆ နှစ်) ဖြစ်ပြီးတော့ ဒဏ်ရာရရှိသွားသူတွေမှာ ကိုအောင်မိုးဦး (၁၈ နှစ်)နဲ့ ကိုစိုးတင်သန်း (၁၆ နှစ်)တို့ဖြစ်ကြပါတယ်။

သူတို့ ၃ ဦးဟာ မေ ၁၅ ရက် မနက်က ကျောက်တန်းကျေးရွာကနေ ကံပြင်ကျေးရွာကို သွားစဥ် ကံပြင်စာသင်ကျောင်းအနီးမှာ မြေမြှုပ်မိုင်းနင်းမိကြတာဖြစ်ပြီး မောင်ခင်မောင်သန်းဟာ ​ခြေထောက်တဖက်ပြတ်သွားပြီး ပြင်းထန်ဒဏ်ရာနဲ့ ဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့ကလေး ၃ ဦးက ကျောက်တန်းကနေ ကံပြင်ရွာကို သွားကြတာမှာ ကံပြင်စာသင်ကျောင်းနားအရောက်မှာ ခင်မောင်သန်းဆိုတဲ့ကလေးက မိုင်းနင်းမိတာဖြစ်တယ်။ ခင်မောင်သန်းမှာ ဘယ်ဘက်ခြေက လုံဝကို ပြတ်သွားပြီးတော့ ညာဘက်ခြေနဲ့ ဆီးခုံမှာ ဒဏ်ရာပြင်းပြင်ထန်ထန်ရသွားတာ။ ကျန် ၂ ဦးလည်း မိုင်းစထိပြီးတော့ ဒဏ်ရာရရသွားတယ်။ သူတို့ကို ဆေးရုံကို အပို့မှာ ခင်မောင်သန်းက ဆုံးသွားတာ။” 

ကျောက်တန်း၊ ကံပြင်ကျေးရွာအနီးတွေမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ အေအေ တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီးတော့ စစ်ကောင်စီတပ်က စခန်းချ နေထိုင်ခဲ့ကြတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ရမ်းဗြဲမြို့မှာလည်း စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှ ရပ်ကွက်အတွင်းမှာလည်း မေ ၁၆ ရက် မနက်က စစ်ကျန်ဗုံးသီးတလုံးကို ကလေးတဦးကောက်ယူလာရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားတာလို့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။

“သူတို့ရပ်ကွက်အနီးမှာ ကျွန်းတောတခုရှိတယ်။ အဲဒီကျွန်တောထဲကနေ ယောက်ကျားလေး တဦးက ဗုံးသီးတလုံးကောက်ယူရာကနေက မိခင်ဖြစ်သူက ဆူတာကြောင့် ကလေးက ပစ်လိုက်တာမှာ ပေါက်ကွဲမှုဖြစ်သွားတာ၊ အသက်သေဆုံးမှုတော့ မရှိဘူး” လို့ပြောပါတယ်။

ရမ်းဗြဲမြို့အတွင်းမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲ ၃ လနီးပါးဖြစ်ပွားခဲ့ကြပြီး စစ်ကျန်လက်နက် အများအပြားကျန်ရှိနေသေးတာဖြစ်ပါတယ်။

စစ်ကျန်လက်နက် ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေမှာ မခိုင်သဇင်ဖြိုး (၁ နှစ်ခွဲ)၊ မယဉ်ယဉ်နု (၃ နှစ်)၊ မောင်ကျော်ကျော်သိန်း (၁၄ နှစ်)၊ ဒေါ်ဝင်းဝင်းရီ( ၃၄ နှစ်)နဲ့ ဒေါ်နုဝင်းရီ(၃၆ နှစ်) တို့ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကလေးသူငယ်တွေနဲ့ အရပ်သားတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်း အန္တရာယ်အတွက် ထိထိရောက်ရောက် အသိပညာပေးဖို့ လိုအပ်တယ်လို့ မြေမြှုပ်မိုင်း အသိပညာပေးနေသူတဦးကပြောပါတယ်။

“ရခိုင်မှာက မြို့နယ်တိုင်းမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်က နေရာတိုင်းမှာ ရှိနေတယ်။ ထိခိုက်သေဆုံးမှုက မကြာခဏရှိနေတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကလေးသူငယ်တွေနဲ့ ပြည်သူတွေကို မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကို ထိထိရောက်ရောက်သိနိုင်ဖို့ အသိပညာပေးတွေကို ပြုလုပ်ပေးဖို့ အထူးလိုအပ်နေတယ်။” 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၆ လကျော်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု ၄၀ ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

Photo .... ဒေသခံတဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024