Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ရပ်တန့်နေသည့်အပေါ် အစ္စရေးကို ဟားမတ်စ် အပြစ်တင်
DVB
·
May 17, 2024

အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးအတွက် လက်ရှိညှိနှိုင်းမှုတွေ ရပ်တန့်နေတဲ့ အခြေအနေအတွက် ဟားမတ်စ်အကြီးအကဲ အစ္စမေးလ် ဟာနီယာက အစ္စရေးကို မေ ၁၅ ရက်မှာ အပြစ်တင်လိုက်ပြီး စေ့စပ်ညှိနှိုင်းရေးသမားတွေတင်သွင်းတဲ့ အဆိုပြုချက်အပေါ် သူတို့ရဲ့ ပြင်ဆင်ချက်တွေက ညှိနှိုင်းမှုကို ရှေ့တိုးနောက်ဆုတ် လုပ်မရ ဖြစ်စေခဲ့တာလို့လည်း ပြောပါတယ်။

“အီဂျစ်နဲ့ ကာတာမှာရှိတဲ့ ညီနောင်တွေ တင်ပြတဲ့ အဆိုပြုချက်ကို သဘောတူညီကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ပြီး ဒါကိုလည်း အမေရိကန်အစိုးရက သိရှိပြီးတော့ နောက်ဆက်တွဲတွေ လုပ်ဆောင်ခဲ့ကြောင်း” ဟာနီယာက ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးဘက်က ရာဖာနယ်စပ်ဂိတ်ကို သိမ်းပိုက်ထိန်းချုပ်ခြင်းအားဖြင့် ဒီအဆိုပြုချက်ကို တုံ့ပြန်ခဲ့ကြောင်းနဲ့ ရာဖာဧရိယာကို စတင်ကျူးကျော်လာပြီး ဂျဘာလီယာ စခန်းနဲ့ ဂါဇာစီးတီးရှိ ဇေတွန်ရပ်ကွက်အတွင်းကို ဝင်ရောက်လာခဲ့ကြောင်း သူက ဆိုပါတယ်။

စစ်ပွဲအလွန်ကာလ ဂါဇာကမ်းမြောင်မှာ နေထိုင်သူတွေထဲကနေ ဟားမတ်စ်ကို ဖယ်ထုတ်ထားမယ် ဆိုတာကို သူက ပယ်ချလိုက်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဝိုင်းရံပိတ်ဆို့ခံနေရတဲ့ နယ်မြေအတွင်း စစ်ပွဲကို အဆုံးသတ်သင့်တယ် ဆိုတဲ့ သူတို့ရဲ့တောင်းဆိုချက်တွေကို စွဲမြဲလိုက်နာကြောင်း ထပ်ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က အရပ်သားတွေ ခိုလှုံနေတဲ့ တောင်ပိုင်း ရာဖာမြို့ အပါအဝင် ဂါဇာတဝန်းရှိ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ၇ လကျော်ကြာ စစ်ပွဲအတွင်း အရှိန်မြှင့်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အရပ်သားတွေ သေဆုံးဒဏ်ရာရမှု အများအပြားကို ရှောင်ရှားနိုင်ဖို့ရာ စစ်ဆင်ရေးကို ရပ်တန့်ဖို့ သတိပေးထားပေမဲ့ အစ္စရေးတပ်ဖွဲ့တွေကတော့ ဟားမတ်စ်တပ်ရင်း ၄ ရင်းကို လိုက်ရှာဖို့ဆိုပြီး မကြာသေးမီ ရက်တွေအတွင်း ရာဖာမြို့ အရှေ့ဘက်ကို တိုးဝင်လာခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာကမ်းမြောင်ဒေသအတွက် စစ်ပြီးခေတ် အစီအစဉ်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးက မေ ၁၅ ရက်မှာ လူသိရှင်ကြား စိန်ခေါ်တာ ခံခဲ့ရပါတယ်။

ပျက်စီးသွားတဲ့ ပါလက်စတိုင်း နယ်မြေအတွင်း ဘယ်လို ရေရှည်စစ်အုပ်ချုပ်ရေးကိုမဆို ဆန့်ကျင်သွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂါးလန့်ထ်က ကတိပြုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် တုန်လှုပ်ချောက်ချားစရာ ပဋိပက္ခတွေဖြစ်ပွားပြီး မကြာမီမှာ ပါလက်စတိုင်းတို့ပါဝင်တဲ့ ဂါဇာကမ်းမြောင်ဒေသ အုပ်ချုပ်ရေးအတွက် အသေးစိတ် စီမံချက်ကို အထောက်အကူပြုဖို့ ကြိုးစားခဲ့တယ်လို့ ဂါးလန့်ထ်က ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

ဒီကြိုးပမ်းချက်တွေဟာ နေတန်ယာဟု လက်အောက်က ဆုံးဖြတ်ချက်ချမှတ်တဲ့ အစိုးရအဖွဲ့ ဆွေးနွေးပွဲတွေဆီကနေ တုံ့ပြန်မှုမရခဲ့ဘူးလို့ ဝန်ကြီးချုပ်ရဲ့ လီကတ်ပါတီကို ဂါးလန့်ထ်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အလားတူမှတ်ချက်မျိုး လွှင့်တင်တဲ့ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့ပေမဲ့ နေတန်ယာဟုက ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဟားမတ်စ်အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ အင်္ဂါရပ် အစုအဝေးတွေကို ဖျက်သိမ်းဖို့ စစ်ပွဲရည်မှန်းချက် အောင်မြင်ရင် နယ်မြေလုံခြုံရေးကို အလုံးစုံ ထိန်းချုပ်ထားမယ်လို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။

သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အုပ်ချုပ်မှုတချို့ကို ကိုင်စွဲထားတဲ့ နိုင်ငံတကာက ကျောထောက်နောက်ခံပြုထားတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ရဲ့ အဆိုပြုချက်တွေကိုလည်း နေတန်ယာဟုက ငြင်းဆိုခဲ့ပါတယ်။

ဂါဇာမြို့ထဲက ရပ်ကွက်တွေထဲမှာတော့  တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဂါဇာကမ်းမြောင်ကို တနင်္ဂနွေနေ့က ရောက်ရှိလာတဲ့ အကူအညီပေးရေး ထရပ်ကား အစီး ၅၀ ဟာ မလုံလောက်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက မေ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကမ်းရိုးတန်းနယ်မြေက အမေရိကန်နိုင်ငံသားတွေကို စွန့်ခွာဖို့ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗီဒန့် ပတေးလ်က “မေ ၁၂ ရက်က ဂါဇာကမ်းမြောင်ကို ထရပ်ကားအစီးရေ ၅၀ လောက် ဝင်လာတာ တွေ့ခဲ့ရပြီး ဒါ မလုံလောက်သေးဘူး။ နောက်ထပ် ပိုပြီးရရှိဖို့ လိုအပ်နေသေးတယ်” လို့ ပြောပါတယ်။

ဒီပမာဏဟာ မေ ၇ ရက်မှာ အစ္စရေးက အီဂျစ်နဲ့ ဂါဇာကမ်း‌ေမြာင်ကြားက ရာဖာနယ်စပ်ဂိတ်ကို သိမ်းပိုက်ပြီးကတည်းက အကူအညီတွေ စီးဆင်းနေတာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ရာဖာနယ်စပ်ပိတ်ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ အမေရိကန်နိုင်ငံသားအုပ်စုတွေအတွက် ဂါဇာကမ်းမြောင်ကနေ လုံခြုံစွာ ထွက်ခွာနိုင်ရေးအတွက် အစ္စရေးအစိုးရ၊ အီဂျစ်အစိုးရတွေနဲ့ တိုက်ရိုက် တက်ကြွစွာ ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့လည်း ဗီဒန့်ပတေးလ်က ပြောပါတယ်။

ရာဖာ နယ်စပ်ဖြတ်ကျော်ဂိတ်ဟာ သင့်လျော်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ စီးဆင်းမှုအတွက်သာမက ပြည်ပနိုင်ငံသားတွေအတွက်ပါ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်စေဖို့အတွက် အလွန်အရေးကြီးတဲ့နေရာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် တနင်္လာနေ့တုန်းက ရာဖာမြို့ရှိ ဆေးရုံတရုံကို သွားရောက်နေတဲ့ ကုလသမဂ္ဂ အမှတ်အသားပြု မော်တော်ယာဉ်တစီးကို တိုက်ခိုက်ခံရမှုကြောင့် အကူအညီပေးရေး ဝန်ထမ်းတဦး သေဆုံးကာ တခြားတဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်အပေါ် စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024