စာတမ်းပြုစုပြီး မဟာဘွဲ့ယူဖို့ တောင်ကြီးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ဥပဒေကျောင်းသား ၉ ဦးထံကနေ ဆရာကန်တော့ဖို့ ကျပ် ၄ သိန်းစီကောက်ခံတယ်လို့ ကျောင်းသားတွေနဲ့ မိဘတွေဆီက သိရပါတယ်။
ကျောင်းသားမိဘတဦးက "၃ ရက်နေ့ကစပြီး တောင်းတာ ဆရာကန်တော့ကြေးကို သတ်မှတ်ချက်နဲ့ တောင်းတာ ကျောင်းသား ကျောင်းသူ ၉ ဦးကို ခေါ်တောင်းတယ်။ ဆရာတွေ ကန်တော့ရမယ် ဆိုပြီး”လို့ ပြောပါတယ်။
တောင်ကြီးတက္ကသိုလ်ဥပဒေဌာနမှူး ဒေါက်တာ ကျော်ကျော်ညီက ကျောင်းသား၊ ကျောင်းသူ ၉ ဦး ထံကနေ မဟာဘွဲ့စာတမ်းတင်ဖို့နဲ့ ပါမောက္ခဒေါ်ဥမ္မာလင်းက ဥပဒေမဟာဘွဲ့ရဖို့ အနီးကပ် ကြီးကြပ်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ပြင်ပတက္ကသိုလ်မှ လာရောက်သင်ကြားတဲ့ ဆရာ၊ ဆရာမတွေကို ကန်တော့ဖို့ တောင်းတာလို့ ကျောင်းသားတဦးက ပြောပါတယ်။
"အခက်အခဲတွေကြားက ကျောင်းတက်ရတာ။ မပေးရင်ဘွဲ့ မရဘူးဆိုတဲ့ ပုံစံ။ မရှိတဲ့သူတွေဆို ဘယ်လို လုပ်မလဲ။ ပေါင်နှံရောင်းချပေးရမှာလား မိဘတွေကတော့ မရှိရှိတာ ရှာပေးမှာပဲ။ သတ်မှတ်ချက်နဲ့တောင်းတာကျတော့အဆင်မပြေဘူး။"
၂၀၂၃ ခုနှစ်ကလည်း တောင်ကြီးတက္ကသိုလ်က ပါမောက္ခအများစုဟာ ကျောင်းသား၊ ကျောင်းသူ တွေထံက ငွေကြေးအဆမတန်ကောက်ခံလို့ ပညာရေးဝန်ကြီးဌာနက ခေါ်ယူ သတိပေးခဲ့ဖူးတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။