ဖိလစ်ပိုင် အရပ်သားသင်္ဘောအုပ်စုတစုဟာ ငါးဖမ်းသမားတွေကို အကူအညီပေးဖို့အတွက် အငြင်းပွား တောင်တရုတ်ပင်လယ်ရှိ စကာဘရာ ရေတိမ်စည်းခုံအနီးကို အရပ်ဘက်သင်္ဘောအုပ်စု ထွက်ခွာသွားတယ်လို့ ခရီးစဉ် စီစဉ်သူတွေက မေ ၁၆ ရက်မှာ ပြောပါတယ်။
အဲဒီရေတိမ်နေရာဟာ မနီလာနဲ့ ပေကျင်းတို့ ပိုင်ဆိုင်ကြောင်း အခိုင်အမာ အငြင်းပွားကာ ထိပ်တိုက်တွေ့ဆုံမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့နေရာလည်း ဖြစ်ပါတယ်။
စီးပွားဖြစ် ငါးဖမ်းသင်္ဘော ၄ စီးနဲ့အတူ အာတင်းန် အီတိုး အမည်ရှိ အုပ်စုတစုက ဦးဆောင်တဲ့ ၃ ရက်ကြာ မစ်ရှင်အတွင်း ကမ်းနားမှာ ကျောက်ချရပ်နားထားတဲ့ ဖိလစ်ပိုင် ငါးဖမ်းသမားတွေဆီ ရိက္ခာတွေပေးပို့ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း စီစဉ်သူတွေက ပြောပါတယ်။
မေ ၁၅ ရက်က စတင်ခဲ့တဲ့ အရပ်သားမစ်ရှင်ရဲ့ ဘေးကင်းရေးအတွက် ကမ်းခြေစောင့်ရေယာဉ် ၃ စင်း စေလွှတ်ခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကမ်းခြေစောင့်တပ်ကတော့ အရပ်သားမစ်ရှင်မှာ မပါဝင်ကြောင်းလည်း ဆိုပါတယ်။
တရုတ်အစိုးရပိုင် CCTV ကတော့ တရုတ်ကမ်းခြေစောင့်တပ်ဟာ မကြာသေးခင်က ကမ်းရိုးတန်းမှာ ပုံမှန်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဟွမ်းယန်းကျွန်းလို့ တရုတ်ကခေါ်တဲ့ ဒီရေတိမ်သောင်ခုံနဲ့ သူ့အနီး ရေပြင်တွေနဲ့ပတ်သက်ပြီး အငြင်းပွားလို့မရနိုင်တဲ့ အချုပ်အခြာအာဏာ ရှိတယ်လို့ တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters