Home
မြန်မာသတင်း
စစ်တပ်အရာရှိများ အိမ်ခြံမြေပွဲစားလုပ်နေကြသဖြင့်  ကက(ကြည်း)ရုံး သတိပေး
DVB
·
May 17, 2024
Ka Ka 1752024

ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက အရာရှိတွ အိမ်ခြံမြေ ပွဲစားမလုပ်ကြဖို့နဲ့ တပ်ရင်းလုံခြုံရေးကိုသာ  အထူးဂရုစိုက်ဖို့ ကက(ကြည်း)ရုံးက မေ ၁၅ ရက်မှာ ညွန်ကြား ခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခြေလျင်၊ ခြေမြန်တပ်ရင်းတွေက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအစရှိတဲ့ အရာရှိတွေဟာ ရှေတန်းထွက်ရမှာစိုးလို့ အိမ်ခြံမြေလောကကို အရပ်သားအသွင်နဲ့ ဝင်ရောက်လုပ်ကိုင်နေကြတာရှိလို့  ညွန်ကြားစာထုတ်တာလို့ တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ခမရ ခလရက အရာရှိတွေက ရှေတန်းထွက်ရင် သေမှာသိနေတော့ မှင်နီထိအောင် အိမ်ခြံမြေ ပွဲစားလုပ်တယ်။ အရပ်သားပုံစံနဲ့ အများဆုံးက ဗိုလ်ချုပ်တွေရဲ့ အိမ်တွေကို အရောင်းအဝယ် လုပ်ပေးတာ တပ်က သူတို့ မထုတ်ထုတ်အောင် လုပ်နေတဲ့ပုံစံ။" 

လှည်းကူးခရိုင်မှာ မေ ၁၃ ရက် ဒုတိယဗိုလ်မှူးကြီးအပါအဝင် ခရိုင်မှူး မြို့နယ် ရွှေကုန်သည်တွေ အိမ်ခြေမြေအကျိုးဆောင်တွေ ပူးပေါင်းကာ မြို့နယ်အိမ်ခြံမြေအသင်းကို ဖွဲ့စည်းခဲ့တယ်လို့ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

"လှည်းကူးမှာဆို ရဲမွန်တပ်နယ်ဘက်က မြေတွေ အများဆုံး ရောင်းရတယ်။ ပွဲစားတွေကြည့်ရင် ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ များတယ်။ သူတို့မြေတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့သူတို့က ပိုင်ရှင်ကို ရောင်းပေးတာပဲပြောတယ်။ မြို့နယ်အိမ်ခြံမြေအသင်းဖွဲ့တော့ တပ်ကသူတွေ ရောပါလာတယ်"လို့ ပြောပါတယ်။

သင်္ဃန်းကျွန်း၊ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ VIP တိုက်နဲ့ မြေကွက်တွေတော့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်ရဲ့ ဇနီးဖြစ်သူတွေက လက်ခံထားကာ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေေ ပွဲစား လုပ်ပေးတာ ဖြစ်တယ်လို့ အိမ်ခြံမြေလုပ်ကိုင်သူ တဦးက ပြောပါတယ်။

"ဗိုလ်ချုပ်ရွာက VIP မြေကွက်တွေက သိန်းသောင်းနဲ့ ချီတန်တော့ ဗိုလ်ချုပ်တွေရဲ့မိန်းမတွေက သူတို့နဲ့ ပလဲနံသင့်တဲ့ ရင်းမှူးတွေကို ရောင်းခိုင်းတယ်။ ရောင်းပေးတဲ့သူက ရှေတန်းမထွက်ရဘူး။ တိုင်းစစ်ဌာနချုပ်မှာ အေးဆေးနေလို့ရတယ်။" 

အခုလို လုပ်ဆောင်လာတာဟာ အရာရှိတွေဟာ ရှေတန်း မထွက်ချင်တာကြောင့် စစ်တပ်မှ အပြစ်နဲ့ ထွက်ရရေးအတွက်  ဝင်ငွေလည်းရ ရှေ့တန်းလည်းမထွက်ရတဲ့ ပွဲစားအလုပ်ကို ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်နေတာလို့ စစ်မှုထမ်းဟောင်း တဦးက သုံးသပ် ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ မေ ၁၄ ရက်က ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်လာပြီး တပ်ရင်း၊တပ်ဖွဲ့တွေကို လုံခြုံရေး ဂရုစိုက်ဖို့ မှာကြာခဲ့ပေမဲ့ လက်အောက်ခံအရာရှိတွေ လိုက်နာတာ မရှိဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာစသိမ်းချိန်ကတည်းက လက်ရှိစစ်တပ်အရာရှိတွေနဲ့  တပ်အရာရှိဟောင်း တွေဟာ ပွဲစားတွေနဲ့ ပူးပေါင်းပြီး  အိမ်ခြံမြေအရောင်းအဝယ်လုပ်တာ၊ အကွက်ရိုက်ရောင်းစားတာ၊ ပါမစ်ရောင်းစားတာတွေအပါအဝင် လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး  အကျင့်ပျက် ခြစား လာဘ်စားမှုတွေ ကြီးထွားလာနေတာဖြစ်ပါတယ်။     

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013