အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ ချော်ရည်အေးတွေ လွှမ်းမိုးမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၇ ဦးအထိ မြင့်တက်လာပြီး ၂၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီရဲ့ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် စနေနေ့ ညပိုင်းက ချော်ရည်အေးတွေ လျှံတက်လွှမ်းမိုးလာပြီး တာနာ့ဒါးတာ၊ အာ့ဂမ်းနဲ့ ပါရိယာမန်နယ်မြေတွေနဲ့ ပါဒန်းပန်းဂျန်းမြို့ရှိ အဆောက်အဦတွေ၊ လမ်းတွေနဲ့ တခြား အခြေခံအဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အကြီးစား စက်ယန္တရားတွေနဲ့ လက်ကိုင်ကိရိယာတွေကို အသုံးပြုပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတာပါ။
အင်္ဂါနေ့မှာတော့ ရုပ်အလောင်းအများအပြားကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၅၇ ဦးအထိ ရှိလာခဲ့ပါတယ်။
အခုချိန်အထိတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းရဲ့ အဓိက ဦးစားပေးလုပ်ငန်းဟာ ပျောက်ဆုံးနေသူ ၂၂ ဦးကို ရှာတွေ့ဖို့ပဲ ဖြစ်ကြောင်း အနောက်ဆူမားတြားပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ လျော့ပါးသက်သာရေး အေဂျင်စီရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဌာန အကြီးအကဲ အီလ်ဟမ်ဝါဟဘ်က ပြောကြားခဲ့ပါတယ်။
အဲဒီနေရာတွေမှာ ရုပ်အလောင်းအများအပြားကို တွေ့ရှိထားပြီးဖြစ်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ မြစ်ချောင်းတွေရဲ့ကမ်းပါးတွေကို အာရုံစိုက် ရှာဖွေသွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကုန်းမြေပေါ်မှာတော့ ချော်ရည်အေးတွေထဲ လူတွေနစ်မြုပ်နေတယ်လို့ သံသယရှိတဲ့နေရာတွေကို ပစ်မှတ်ထား ရှာဖွေကြောင်းလည်း ဆိုကြပါတယ်။
ပညာရှင်တွေကတော့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး ပရောဂျက်တွေအတွင်း ဒေသခံတွေကို ပြောင်းရွှေ့နေရာချထားမယ့် ရွေးချယ်မှုကို ထည့်သွင်း စဉ်းစားမှာဖြစ်ကြောင်း သူက မှတ်ချက်ပေး ပြောဆိုပါတယ်။
အယ်နီညိုရဲ့လွှမ်းမိုးမှုအောက်မှာ အင်ဒိုနီးရှားဟာ ဒီနှစ် မိုးရာသီက ပုံမှန်ထက် ပိုမိုကြာရှည်ခဲ့ပြီး ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းလို သဘာဝဘေးအန္တရာယ်တွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။
Source/Photo - Reuters