Home
နိုင်ငံတကာ
ထိုင်းကျောင်းသူ ၁ ဦး  အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြရင်း သေဆုံး 
DVB
·
May 15, 2024
TaLuWan_15052024

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ဆိုင်တဲ့  ပုဒ်မ ၁၁၂ ပြင်ဆင်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး တောင်းဆိုရင်း အကျဉ်းကျနေတဲ့  အသက် ၂၈ နှစ်ရွယ် ထိုင်းကျောင်းသူ ဘုမ့် ထလုဝမ်းဟာ အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြရင်းက မေ ၁၄ ရက်မှာ သေဆုံးသွားပါတယ်။

အဆိုပါ ထိုင်းကျောင်းသူဟာ ဇန်နဝါရီ ၂၆ ရက်က ဘန်ကောက် တရားရေးဝန်ကြီးရုံးရှေ့မှာ ပြုလုပ်တဲ့  ဆန္ဒပြပွဲမှာ အစိုးရဌာနဆိုင်ရာ အဆောက်အဦနံရံပေါ် ဆေးမှုတ်တာနဲ့  လုံခြုံရေး ဝန်ထမ်းတွေကို မချေမငံ ဆက်ဆံတာကြောင့် အာဏာဖီဆန်မှုတွေနဲ့ တရားစွဲခံခဲ့ရပါတယ်။  အမှုရင်ဆိုင်နေစဉ် တရားရုံးက သူ့ကို အာမခံခွင့်ပေးခဲ့ပေမဲ့ သူကတော့ လက်မခံဘဲ အချုပ်ခန်းထဲကနေ တောင်းဆိုစာတွေ ရေးသားနေခဲ့ပါတယ်။

အဲဒီနောက် တရားရုံးက သူ့ကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တယ်။ ထိုင်းကျောင်းသူဟာ ဗဟို အမျိုးသမီးထောင်မှာ ထောင်ကျနေစဉ်အတွင်း အစာငတ်ခံဆန္ဒပြခဲ့ပြီး ရေပါ အငတ်ခံခဲ့ကာ အစာငတ်ဆန္ဒပြမှုကို ရက်ပေါင်း ၁၁၀ လုပ်ဆောင်ခဲ့ပါတယ်။

အကျဉ်းဦးစီးတာဝန်ရှိသူတွေက သူ့ကို ဓာတ်ဆားရည်၊ ဗီတာမင်ဆေးနဲ့ အားတိုးဆေးတွေ ဖြည့်ပေးပေမဲ့ သူက လက်မခံတာကြောင့် မေ ၁၄ ရက် မနက် ၆ နာရီမှာ အခြေအနေဆိုးရွားပြီး နှလုံးခုန်မမှန်တော့ကြောင်း၊ ဒါကြောင့် ထမဆတ်ဆေးရုံကို ဆက်လက်ပို့ဆောင်ပေးခဲ့ကာ ဆရာဝန်တွေက  သူ အသက်ပြန်ရှူစေဖို့  အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ မနက် ၁၁ နာရီ ၂၂ မိနစ်မှာ ငြိမ်သက်စွာနဲ့ သေဆုံးသွားခဲ့တယ်လို့  အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သူတို့အနေနဲ့ ထိုင်းကျောင်းသူကို ဆက်လက်အသက်ရှင်အောင် အတတ်နိုင်ဆုံး ပြုစုခဲ့ပေမဲ့ လူနာကလက်မခံတော့ လက်လွှတ်ခဲ့ရကြောင်း၊ ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘုမ့်ထလုဝမ်းရဲ့ နာမည်ရင်းမှာ  နေ့သီဖွန်း စနေဆန်ခုံးဖြစ်ပြီး ဖခင်ဖြစ်သူက တရားသူကြီး၊ မိခင်ဖြစ်သူက ရှေ့နေဖြစ်ကာ သူကတော့ ဘန်ကောက်ကဆစ်ဆဒ်တက္ကသိုလ်မှာ စီးပွားရေးစာရင်းအင်း ဘာသာရပ်သင်ယူခဲ့ပါတယ်။

ထလုဝမ်းဟာ သူ ပါဝင်တဲ့ အဖွဲ့အစည်းအမည်ဖြစ်ပြီး အဆိုပါအဖွဲ့ကတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ တော်ဝင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၂ နဲ့ ၁၁၆ ပြင်ဆင်ရေးကို ဦးတည်လှုပ်ရှားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ အမြင်မတူတဲ့ နိုင်ငံရေးသမားတွေကို အမှုဖွင့် ထောင်ချတာတွေ မရှိဖို့၊ လက်ရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၃ နှစ်က အဆိုပါ ထလုဝမ်းအဖွဲ့ထဲကို ဝင်ရောက်ပြီး ဆန္ဒပြလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့  ၂၀၂၃ ရွေးကောက်ပွဲမှာ မျက်နှာပြောင်တိုက်ပြီး အစိုးရဝင်လုပ်တဲ့ ဖွေ့ထိုင်းပါတီကိုလည်း အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။

သူ မသေဆုံးခင်က တကယ်လို့ သူ ဘာမှမမှတ်မိနိုင်အောင် အခြေအနေဆိုးရွားပါက၊ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ယိုယွင်းပါက ကုသခြင်းမပြုဘဲ သဘာဝအတိုင်း ထားရှိဖို့၊ နှာခေါင်းမှသော်လည်းကောင်၊ ခန္ဓာကိုယ်ဖောက်လို့ လည်းကောင်း အားဆေးတွေသွင်းတာ၊ အောက်စီဂျင်ပေးခြင်းတို့ကို မပြုလုပ်ဖို့ သူ သေဆုံးပါက အလောင်းကို ဆေးပညာ သုတေသန လုပ်ငန်းအတွက် အသုံးပြုဖို့  လှူဒါန်းခဲ့ပါတယ်။

“သူပိုင်ဆိုင်တဲ့ လက်ပတ်နာရီ၊  နားကပ်၊ ဘတ်စုငွေစာအုပ်နဲ့  ကြောင်ကလေးကို  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ သူ့လိုအစာငတ်ခံဆန္ဒပြတဲ့ ယုဒ်ဆိုသူမိန်းကလေးကို ပေးအပ်ဖို့၊ မိဘထံက ရရန်ရှိတဲ့ မြေကွက်နဲ့ အမွေတွေအားလုံး အမဖြစ်သူပိုင်ဆိုင်ဖို့ သေတမ်းစာကြိုတင်ရေးထားခဲ့ပါတယ်။

သူသေဆုံးရတဲ့အပေါ် ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကတော့ အားလုံး သံသယ မရှိအောင် ပြန်လည်စုံစမ်းစစ်ဆေးဖို့ မှာကြားထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအဖွဲ့ကလည်း သူ သေဆုံးရတဲ့အပေါ် စုံစမ်းစစ်ဆေးရေးတွေ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။  

SOURCE- THAIRATH

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013