Home
မြန်မာသတင်း
မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲရှိ စစ်ရှောင်စခန်းကို စစ်တပ်က ပစ်ခတ်သဖြင့် ဆရာမ ၁ ဦး သေဆုံး၊ ၁၁ ဦးဒဏ်ရာရ  
DVB
·
May 14, 2024
SalGyiTawVillagers_14052024
MonYwa_14052024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲက စစ်ဘေးရှောင်တွေနေတဲ့ နေရာကို   မေ ၁၃ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဆည်ကြီးတောရွာက ဆရာမ ၁ ဦးသေဆုံးပြီး အရပ်သား ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မုံရွာ-မန္တလေးလမ်း မအူကျေးရွာအနီး  စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့  စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့  ပစ်ခတ်တာလို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတဦးက “မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေ အိပ်‌နေတဲ့ နေရာကို တလုံးက ကျပေါက်ကွဲပြီး ဆည်ကြီးတောရွာက အလယ်တန်းပြကျောင်းဆရာမ မမိုးမိုး (အသက် ၃၄ နှစ်) တဦး နေရာတင်ပွဲချင်းပြီး သေဆုံးသွားတယ်။ စစ်ရှောင် ၁၁ ဦး ဒဏ်ရာရရှိတယ်ဗျ။ ဒဏ်ရာရ ၁၁ ဦးထဲက  ၁ ဦးကတော့ လက်ကျိုးဒဏ်ရာရရှိခဲ့တယ်။ ကျန်တာကတော့ မစိုးရိမ်ရဒဏ်ရာရကြတယ်။ အခုလို ဘာကြောင့် ပစ်တာလဲဆိုတော့ ပြည်သူတွေ ရှိနေတာသိပါလျက်နဲ့ အခုလို ရည်ရွယ်ချက်ရှိရှိကို ပစ်တာလို့ပဲ ပြောရမယ်”လို့ ပြောပါတယ်။

မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပစ်ခတ်မီးရှို့နေတာကြောင့် မုံရွာ၀န်းကျင်ကျေးရွာတချို့တွေက ပြည်သူတွေဟာ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲမှာ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတဦးက “ညက စစ်တပ်ထိုင်တဲ့ မအူဂိတ်က ပစ်လိုက်တဲ့ လက်နက်ကြီး ၆ လုံး ပစ်လိုက်တာ ၃ လုံး ဘုရား၀င်းထဲကျလို့ စစ်ရှောင်အမျိုးသမီး ၁ ဦး ဆုံးသွားတယ်။ နယ်လည်းစုံပြီး လူကလည်းများတော့ ဘယ်ရွာကလဲတော့ မသိရသေးဘူး။ ကျောင်းဆောင် တချို့လည်း ဗုံးစထိမှန်ပျက်စီးတာတွေ ရှိတယ်။ ဆိုးဆိုးရွားရွား ပျက်စီးကုန်တာတော့ မဟုတ်ပါဘူး” လို့ ပြောပြပါတယ်။

ဘုရားဝင်းထဲမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေဟာ ဆည်ကြီးတောရွာ၊ သစ်ညိုပင်ရွာ၊ အောင်သာရွာက ပြည်သူအများစုဖြစ်ပြီး မုံရွာမြို့နယ်ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်  စစ်ရှောင်ကူညီပေးနေသူတွေထံက သိရပါတယ်။

စစ်ရှောင်ကူညီရေးပရဟိတအဖွဲ့ ခေါင်းဆောင်တဦးက “အဲဒီရွာကလူတွေက မေလ ၉ ရက် နေ့ကတည်းက စတင်နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်။ အခုလို ဘာကြောင့် ထွက်ပြေး‌နေကြရတာလဲ ဆိုတော့ မေ ၇ ရက်‌နေ့ မနက် ၈ နာရီကျော်က ရပ်တော်မူဘုရားအနီး ထပ်ဆင့်ရုပ်သံလွှင့်ရုံမှာ တာဝန်ကျနေတဲ့ ရဲ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းထိုးပြီး တရွာဝင်တရွာထွက် လုပ်နေလို့ အခုလို ထွက်ပြေး‌နေကြတာပေါ့။ အခု အဲဒီစစ်ကြောင်းက မနေ့မနက်ခင်းက ဆည်ကြီးတောရွာကို ဝင်ပြီး ပြည်သူနေအိမ်တွေ မီးရှို့နေတယ်။ ဒီနေ့အထိ ရွာထဲက မထွက်သေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သမိုင်းဝင် မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲမှာရှိတဲ့ အာလိမ် ၅ ဆင့်အနီး တလုံး ကျရောက်ပေါက်ကွဲသလို ဆောင်းတန်းအနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဘုရားစေတီနဲ့ စောင်းတန်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး ၀င်ရောက်ကာ လူနေအိမ်တွေကို မီးရှို့တာတွေ လုပ်နေတာကြောင့် ကျေးရွာပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေတဲ့အတွက် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်လာရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မုံရွာမြို့က စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့နေလို့ မုံရွာ၀န်းကျင်ကျေးရွာတချို့တွေက ပြည်သူတွေဟာ  မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲမှာ စစ်ဘေးရှောင်နေရကြတာ ၂ နှစ်နီးပါးရှိပြီ။ ကျနော်တို့တွေလည်း အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး တတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေပါတယ်”လို့ ပြောပြပါတယ်။

မုံရွာမြို့နယ် အရှေ့တောင်ဘက် ဆည်ကြီးတောရွာကို စစ်ကောင်စီတပ်က မေ ၁၃ ရက် မနက် ၇ နာရီလောက်က ဝင်ရောက်ပြီး ဒေသခံအရပ်သား အယောက်  ၃၀ ကို ဖမ်းဆီးကာ ရွာကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့တဲ့စစ်တပ်ဟာ မုံရွာမြို့-ဗောဓိတထောင် လမ်းမပေါ်မှာရှိတဲ့ အစိုးရနည်းပညာ တက္ကသိုလ်ကျောင်း အစောင့်စစ်သားတွေ ဖြစ်တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဆည်ကြီးရွာသားတဦးက ပြောပါတယ်။

“သူတို့ နည်းပညာတက္ကသိုလ်ကနေ စထွက်ပြီး ကျနော်တို့ ဒေသခံတွေရဲ့ အိမ်တွေကို မီးရှို့တယ်ဗျ။ မီးရှို့ခံရတဲ့ အိမ်တွေက ရွာအရှေ့ပိုင်း ရေကန်ကြီးအနီးက အိမ်တွေကို ရှို့နေတယ်။ လက်နက်ကြီး‌တွေနဲ့လည်း ရွာအပြင်ကို ပစ်ခတ်လို့ ကွမ်းခြံတွေအပေါ် ကျပြီး မီးလောင်တာတွေလည်း ရှိတယ်ဗျ။ သူတို့ပစ်တဲ့ လက်နက်ကြီးက မီးလည်းလောင်တယ်။ ရွာထဲကနေ ညနေ ၃ နာရီ (မေ ၁၃) အချိန်အထိ မထွက်ကြသေးဘူးဆိုတော့ ဆုံးရှုံးတဲ့ အသေးစိတ်ကတော့ ဘာမှမသိရသေးဘူး။” 

ဆည်ကြီးတောရွာဟာ အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဒေသခံတွေကတော့ တောင်ယာလုပ်ငန်း၊ ကွမ်းခြံလုပ်ငန်း၊ အုတ်လုပ်ငန်းတို့ကို လုပ်ကိုင်ကြကာ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံကာကွယ်ရေးတပ်သားတဦးက “သူတို့ ဘာသတင်းကြားလို့ ဒီရွာကို ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြတာလဲ မသိဘူး။ ကျနော်တို့နဲ့ကတော့ တိုက်ပွဲမဖြစ်ပါဘူး။ သူတို့ မေ ၉ ရက်ကလည်း အဲဒီရွာကို ပစ်ခတ်ဝင်ရောက်ခဲ့သေးတယ်။ ရွာသား‌တွေ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာတွေလည်း ရှိတယ်။ အခုတကြိမ်ကတော့ ဘာတွေဖြစ်မလဲတော့ မသိရသေးဘူး” လို့  ပြောပါတယ်။

စစ်ကိုင်းနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “တော်လှန်အားကောင်းတာနဲ့အမျှ ပြည်သူ ထိခိုက်ပျက်စီးမှုကလည်း တနိုင်ငံလုံးက ကိန်းဂဏန်းတွေရဲ့ တဝက်ကျော်ကို စစ်ကိုင်းတိုင်းက ပိုင်ဆိုင်ထားတာ တွေ့ရတယ်။ ရေရှည်မှာတော့ မီးလောင်ပြင်က ပြည်သူတွေ ပြာပုံကြားက ကိုယ့်ဟာကိုယ် ကုန်းထနိုင်အောင် ထောက်ကူပေးခြင်းက အဖြေဖြစ်နိုင်ပါတယ်။ သူတို့ ဘာလုပ်နိုင်လဲ သေချာသုံးသပ်ပြီး အသုံးတည့်မယ့် vocational training တွေပေးတာ၊ စိုက်နိုင်၊ ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုတွေ ဖြည့်တင်းပေးတာ စတာမျိုးတွေကိုလည်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးသင့်၊ မီးဘေးသင့် ပြည်သူတွေအတွက် မိုးရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း စစ်ဘေးသင့်၊ မီးဘေးသင့် ကူညီရေး ပရဟိတသမားတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024