Home
နိုင်ငံတကာ
ယင်လတ် လက်ထက် ၁၀ နှစ်ကြာလှောင်ထားသည့်ဆန်များ ကင်ဆာဖြစ်စေသော ဓာတ်များ တွေ့ရှိဟုဆို
DVB
·
May 14, 2024
ThaiRice_14052024

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်လက်ထက်မှာ ပြဿနာဖြစ်ပြီး သိမ်းဆည်းထားခဲ့တဲ့ ဆန်တွေဟာ ကနဦး ဓာတ်ခွဲစစ်‌ဆေးချက်အရ ကင်ဆာရောဂါ ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေတာကြောင့် စားသုံးရန်မသင့်ဘူးလို့ ဆိုပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်းခရိုင်က ဆန်ဂိုဒေါင်မှာ ထိန်းသိမ်းထားတဲ့ ဆန်တန်ချိန်ပေါင်း ၁၅,၀၀၀ ကျော်ရှိပြီး အဲဒါတွေဟာ စားသုံးလို့ရကြောင်း၊  လေလံတင် ရောင်းချဖို့ရှိကြောင်း ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နိုင်းဖုမ်းထမ်း ဝေ့ချ် ယချိုင်းက ပြောထားပါတယ်။ 

သာမန်အားဖြင့် ရိုးရိုးဆန်ရဲ့သက်တမ်းဟာ ၄ နှစ်ထက်မပိုပေမဲ့ ၁၀ နှစ်ကျော် လှောင်ထားတဲ့ ဆန်ကို စားလို့ရတဲ့အပေါ်  ထိုင်းပြည်သူတွေကြား သံသယရှိပြီး  MFP ပါတီအမတ်နဲ့ ဒီမိုကရက်ပါတီအမတ်တို့ကတော့ ဓာတ်ခွဲပြီးမှ အာမခံနဲ့ လေလံရောင်းချသင့်ကြောင်း အကြံပြုခဲ့ ပါတယ်။ 

အဲဒီနောက် ဓာတ်ခွဲခန်းနဲ့ နီးစပ်သူတွေက ဓာတ်ခွဲစစ်ဆေးရာမှာ စားသုံးရန်မသင့်ကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဘန်ကောက် ကဆစ်ဆတ်တက္ကသိုလ် သိပ္ပံနဲ့ဓာတု ဗေဒဌာနမှ တွဲဘက်ပါမောက္ခ ဒေါက်တာ ဝီရချိုင်း ဖုဒ်ထုန်း ဆိုသူကလည်း  အဆိုပါဂိုဒေါင်က ဆန်တွေဟာ မှိုတက်ပြီး ဝါကျင်နေကြောင်း၊ ဓာတ်ခွဲကြည့်ရာမှာ ကင်ဆင်ရောဂါ ဖြစ်ပွားစေတဲ့ Aflatoxin ဆိုတဲ့ ဓာတ်တိုးပစ္စည်းတမျိုး ပါဝင်တာကို တွေ့ရတယ်၊ ဒါဟာ ကနဦးတွေ့ရှိမှုဖြစ်ပြီး ပိုသေချာအောင် နောက်ထပ်ဓာတ်ခွဲခန်းကို ပေးပို့ဦးမယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါ့အပြင် ထိုင်းဖတ်ဒီပါတီမှ ဒေါက်တာဝရုန်းကလည်း ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ဝန်ကြီး ဖုမ်းထမ်းမှ သတင်းထောက်တွေရှေ့မှာ စားပြနေတဲ့ ဆန်ဟာ အဲဒီဂိုဒေါင်ထဲက ဆန်မဟုတ်ဘူး၊ ဆန်အိတ်တွေမှာ ဂိုဒေါင်က ဆန်အမှတ်တံဆိပ်တွေ မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ 

ဒီလိုထောက်ပြမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီး နိုင်းဖုမ်းထမ်းကတော့ ဒီလို ကိုယ့်ဘာသာကိုယ် လျှောက်စစ်ဆေးပြီး လူမှုကွန်ရက်မှာ ချပြနေတာဟာ မိမိတိုင်းပြည်ရဲ့ ဆန်ကို နာမည်ပျက်အောင် လုပ်နေတာ ဖြစ်တယ်၊ အမှန်တကယ် ရိုးသားရင် ဝန်ကြီးဌာနကို စာတင်ပါ၊ ဝန်ကြီးဌာနမှာ ကိုယ်တိုင် လာပြောပါ၊ ဘယ်ကဆန်နဲ့ ဓာတ်ခွဲထားမှန်းမသိဘဲ ပြောနေတာတွေ ရပ်တန်းက ရပ်ပါ၊ ဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါဟာ တိုင်းပြည်အတွက် ရန်ပုံငွေအများကြီးရမှာကို ထည့်မတွက်တာပဲ။ ဘယ်သူ ဘာပြောပြော လုပ်စရာရှိတာ ဆက်လုပ်မယ်၊ လေလံတင် ရောင်းချမယ်၊ ဘယ်သူမဆို လာပြိုင်ဝယ်နိုင်တယ်၊ ဓာတ်ခွဲစစ်ဆေးမှုလည်း လုပ်မှာပါ၊ ဒါပေမဲ့ လေလံပြီးမှ လုပ်မယ်၊ အသံကျယ်သွားတာတော့ စိတ်ဆိုးတာတော့ မဟုတ်ပါဘူး၊ ထောင်းခနဲ ဖြစ်သွားတာလို့  ဒီကနေ့ မေလ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

၁၀ နှစ်ကျော် သိမ်းထားတဲ့ အဆိုပါ ဆန်အိတ်ပေါင်း ၁,၅၀၀,၀၀၀ နီးပါး၊ အလေးချိန် တန်ချိန် ၁၅၀၀၀ ကျော်ရှိပြီး ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်လက်ထက်မှာ အစိုးရစပါး အဝယ်ဒိုင်တွေမှာ  မသမာမှုတွေရှိခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟာ တာဝန်ဝတ္တရား လျစ်လျူရှုမှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ ဆန်စပါးပြဿနာမှာ တရားရုံးက သူမကို ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့ပေမဲ့ နိုင်ငံခြားကို တိမ်းရှောင်သွားပြီး ဝရမ်းပြေးဘဝ ရောက်နေပါတယ်။ 

ကိုးကား - ThaiPBS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013