စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှာ စစ်ကောင်စီတပ်က ရွာသားတွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုဟာ နိုင်ငံတကာရာဇဝတ်မှုမြောက်ပြီး ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာအုပ်စု၊ လက်ထုတ္တောကျေးရွာကို မေ ၁၁ ရက် မနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ရွာသား ၃၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ စစ်တပ်ကမအောင်မြင်တဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ပြည်သူလူထုအပေါ် ချိုးဖောက်တဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တခုဖြစ်တယ်လို့ လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) အဖွဲ့ညှိနှိုင်းရေးမှူး ကိုဟန်ကြီးက DVB ကို ပြောပါတယ်။
“ဒီလိုမျိုး ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ချိုးဖောက်တာအတွက်ရော၊ လူတွေရဲ့ အသက်ရှင်သန်ရပ်တည်ပိုင်ခွင့်ကို ချိုးဖောက်ပြီး အခုလိုမျိုး အစုလိုက် အပြုံလိုက် သတ်ဖြတ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက်ရော၊ နောက်တခါ အခုဖြစ်ရပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့အတွက် နိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှု (Crimes Against Humanity) တဲ့ ပြစ်မှုကို အကြီးအကျယ်ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာတဲ့ ဥပဒေမှာ တိုက်ပွဲဖြစ်ပွားရင်တောင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိရဆို ဆိုပြီး ဖော်ပြထားတာလည်းရှိပါတယ်။”
အာဏာသိမ်းစစ်တပ်အနေနဲ့ အခုလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ပြီး အခုလိုမျိုး သတ်ဖြတ်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့လည်း တရားမျှတမှုကို တောင်းဆို ရရှိခွင့်ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
(ND-Burma) အဖွဲ့ ညှိနှိုင်းရေးမှူးကိုဟန်ကြီးက “လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်း တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေပြီး စစ်အာဏာရှင်တွေက ဥပဒေမဲ့ ကျူးလွန်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ဒဏ်ပေးခံရခြင်းကနေ ဆက်လက် လွတ်ကင်းနေဆဲ ဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်သူတွေ တာဝန်ယူ တာဝန်ခံမှု ရှိဖို့ရော၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိဖို့အတွက်ပါ နိုင်ငံတကာ တရားစီရင်ရေးဌာနတွေ၊ ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်လို့၊ မြေပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မှတ်တမ်းတင်ပြီး သက်သေတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေ အသက်ရှင်လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေနဲ့ ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းတွေကတဆင့် အဖြစ်မှန်တွေ၊ သက်သေခံအထောက်အထားတွေကို နိုင်ငံတကာခုံရုံးတွေ၊ ယန္တရားတွေဆီ ရောက်ရှိဖို့နဲ့ လိုအပ်တဲ့အခါ သက်သေထွက်ဆိုနိုင်ဖို့အတွက် ပြင်ဆင်ထားသင့်ပါတယ်။”
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားရာမှာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ရွာကို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းဝင်းထဲ ရွာသားတွေရှေ့မှာပဲ ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပါတယ်။
ဒေသခံတယောက်က “မနက်အစောကြီး မထင်မှတ်ဘဲ ရွာထဲ ပစ်ဝင်လာတာ။ ဘယ်လိုမှ ရှောင်တိမ်း ထွက်ပြေးချိန်မရတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေထဲ ဝင်ပြေးရတယ်။ အဲဒီလို ဝင်ပြေးတဲ့နေရာကို နောက်ကနေလိုက်ပြီး ဖမ်းတယ်။ မိတဲ့သူတွေကို ဒီရွာမှာ PDF တွေ ရှိလား စစ်သားတွေက မေးတယ်။ အဲဒီလို မေးတာကို ရွာသားတွေက မရှိဘူးပြောကြတယ်။ အဲလိုမရှိဘူး ပြောတာကို သူတို့ကို လိမ်တယ်ဆိုပြီး ဖမ်းမိတဲ့သူတွေ အကုန်သတ်ပစ်မယ်ဆိုပြီး လုပ်ပါတယ်။ ရွာက အမျိုးသမီးတွေက ငိုပြီး တောင်းပန်ကြတယ်။ ဘုန်းကြီးတွေကလည်း တောင်းပန်တယ်။ အဲဒီလို တောင်းပန်လို့ အမျိုးသမီးအများစုနဲ့ ကလေးတွေကို လွှတ်ပေးပြီး ယောကျ်ားလေး ၂၃ ယောက်ကို ရွာသားတွေရှေ့မှာ ပစ်သတ်တယ်။ နောက်ပြီး သူတို့ရွာသား ၂၀ နီးပါးကိုလည်း ဖမ်းခေါ်သွားတယ်။ ဖမ်းသွားတဲ့လူတွေထဲက နောက်ထပ်ရွာ ဘုန်းကြီးကျောင်းတကျောင်းထဲမှာ ၅ ယောက် ပစ်သတ်သွားတယ်။ ရွာလမ်းမပေါ်မှာ ၂ ဦး သတ်သွားတယ်။ အဲဒီ ၂ ဦးထဲက ၁ ဦးက အမျိုးသမီးတဦး ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြင်းမူမြို့နယ် ဒု ပကဖတာဝန်ခံ ကိုစွန်ရဲက “ကျနော်တို့ အဲရွာကိုသွားပြီး ကြည့်ခဲ့ပါပြီဗျ။ အရပ်သားပြည်သူ ၂၃ ဦးကို ရွာအရှေ့ပိုင်း ရေဝန်းဘုန်းကြီးကျောင်းထဲမှာ သတ်ထားခဲ့တယ်။ ရွာအနောက်ပိုင်းဘုန်းကြီးကျောင်းမှာ ၅ ဦး၊ ရွာလမ်းမပေါ်မှာ ၂ ဦး သတ်ထားခဲ့တယ်။ စုစုပေါင်း ၃၀ သတ်ထားခဲ့တယ်။ အဲဒါအပြင် သူတို့သတ်လို့ မသေဘဲ ဒဏ်ရာနဲ့ ကျန်ခဲ့သူ ၁၆ ဦး ရှိတယ်။ တဦးကတော့ ဒဏ်ရာပြင်းထန်ရပြီး ဆေးကုသနေရင်း သေဆုံးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ အယောက် ၂၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာကိုပါ မီးရှို့ဖျက်ဆီး ပြန်ထွက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
လက်ထုတ္တောကျေးရွာဟာ မုံရွာ-မြင်းမူ-မန္တလေးလမ်းနဲ့ မြောင်-မြင်းမူ-မန္တလေး လမ်းဆုံမှာ တည်ရှိတဲ့ အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မေ ၆ ရက်ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
Photo-NUG