ပူတင်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရုရှား အလွတ်တန်းကာကွယ်ရေးတပ်ဖွဲ့ (RVC) ဟာ ယူကရိန်းနိုင်ငံ ခါကိဗ်ဒေသရှိ ဗော့ဗ်ချန့်စ်ခ်မြို့မှ ရုရှားတပ်စခန်းတွေကို သံချပ်ကာယာဉ်နဲ့ ပစ်ခတ်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို မေ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တယ်လီဂရမ်စာတိုပေးပို့ရေးအက်ပ်မှာ တင်ထားတဲ့ ဗီဒီယိုမှာတော့ ရန်သူဟာ အသားထုတ်လုပ်ရေးစက်ရုံနဲ့ ဗော့ဗ်ချန့်စ်ခ်မြို့ ဆင်ခြေဖုံးရှိ လမ်းတလမ်းမှာ စစ်စခန်းနေရာကိုရဖို့ ကြိုးစားနေတယ်လို့ စာတန်းထိုးထားပါတယ်။
ရုရှား အလွတ်တန်းကာကွယ်ရေးတပ်ဖွဲ့ (RVC) ဟာ ရုရှားအစိုးရကို ဆန့်ကျင် အတိုက်အခံလုပ်တဲ့ ရုရှားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆရတဲ့ ယူကရိန်း ကျောထောက်နောက်ခံပြု အရန်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
RVC တပ်ဖွဲ့ဟာ ပူတင်ကို တိုက်ခိုက်နေတဲ့ တခြားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့နဲ့အတူ အရင်က ယူကရိန်းကနေ ရုရှားကို နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ခဲ့ဖူးပါတယ်။
ရုရှားဟာ တနင်္လာနေ့က ယူကရိန်းနိုင်ငံ ခါကိဗ်ဒေသ မြောက်ပိုင်းကို မြေပြင်ထိုးစစ် လုပ်ဆောင်ဖို့ ဖိအားပေးခဲ့ပြီး ရှေ့တန်းကို ချဲ့ထွင်ရင်းနဲ့ ယူကရိန်းတပ်တွေကို ဖြန့်ထုတ်ဖို့ ကြိုးစားရင်း နယ်မြေသစ်တွေကို အုပ်စုငယ်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Source/Photo-Reuters