Home
မြန်မာသတင်း
သံတွဲတွင် စစ်တပ် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၃ ဦး ဒဏ်ရာရ၊ မင်းတပ်တွင် ပြည်သူ ၁ ဦး သေနတ်ဖြင့် ပစ်ခံရ
DVB
·
May 14, 2024
MinDat SAC Shoot_14052024
ThanTwe Bullet_14052024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မေ ၁၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲပြီးတော့ အောက်နတ်မော်ကျေးရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့နေ့လယ် ၁ နာရီကျော်မှာ သံတွဲမြို့ ဘားဒေါင်းတောင်နဲ့ သူခိုးစမ်းတောင်ကြောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အောက်နတ်မော်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အောက်နတ်မော် ကျေးရွားသားတဦးက ပြောပါတယ်။

“ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဒီအတိုင်း လက်နက်ကြီးနဲ့ ရမ်းသန်းပြီး ပစ်ခတ်နေတာ။ အဲဒီမှာ လက်နက်ကြီး ကျည်တလုံးဟာ ရွာထဲမှာ ကျရောက်လာပြီးတော့ အရပ်သား ၃ ဦး ထိခိုက်သွားကြတာ ဖြစ်တယ်။ တဦးကတော့ ခြေထောက်နဲ့ နောက်ကျောတွေမှာ ဒဏ်ရာပြင်းထန်တာကြောင့် သံတွဲဆေးရုံမှာ ဆေးကုသမှု ခံနေကြရတယ်။ နောက်နှစ်ဦးကတော့ သိပ်ပြီးမပြင်းထန်ဘူး။”

ဒဏ်ရာရရှိသွားသူတွေကတော့ ဒေါ်ကျော့တင် (၇၆ နှစ်)၊ ဒေါ်မကြီး (၄၅ နှစ်)နဲ့ ကိုဖိုးသံလုံးတို့ ဖြစ်ကြပြီး ဒေါ်ကျော့တင်ရဲ့ နေအိမ်မှာလည်း လက်နက်ကြီးကျည် ကျပြီး မီးလောင်သွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ ၃ ဦးထဲမှာ ဒေါ်ကျော့တင်မှာ ခြေထောက်နဲ့ နောက်ကျောတွေမှာ ဒဏ်ရာပြင်းထန်တာကြောင့် သံတွဲဆေးရုံမှာ ဆေကုသမှု ခံယူနေကြရပါတယ်။

သံတွဲမြို့နယ်မှာ ဧပြီ ၁၃ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြတာဖြစ်ပြီး ဧပြီ ၂၄ ရက် နောက်ပိုင်း ပိုမိုထိတွေ့မှုဖြစ်ကာ တိုက်ပွဲပြင်းထန်လာကြတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားကြတဲ့ ကွေ့ချောင်း၊ ရွှေလှေ၊ လင်းသီ၊ ဇီးကုန်း၊ အောက်နတ်မော် စတဲ့ ကျေးရွာအနီးတဝိုက်တွေကို စစ်ကောင်စီက နေတိုင်းဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် သံတွဲမြို့နယ်အတွင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု ၄ ဦးအထိ ရှိလာနေပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို နေရပ်စွန့်ခွာနေကြရတာ ဖြစ်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း မင်းတပ်မြို့ခံတွေဆီက သိရပါတယ်။

မေ ၁၃ ရက် မွန်းလွဲ ၁ နာရီလောက်က  မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားသူ အမျိုးသားရဲ့ အလောင်းကို မင်းတပ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားရှိထားတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ခံတဦးက “အဲဒီလူက မြို့ထဲမှာ ရူးပြီးလိုက်သွားနေတာ၊ စစ်သားတွေ ကင်းလှည့်လာတာ တွေ့လို့ သူက ကြောက်လန့်ပြီး ထွက်ပြေးလို့ အပစ်ခံလိုက်ရတာ၊ အခုထိတော့ အလောင်းကို ရင်ခွဲရုံမှာ ထားထားတုန်းပဲ” လို့ ပြောပါတယ်။

မေ ၈ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်မှာ ကျေးရွာဘက်က မှတ်ပုံတင်လာလုပ်တဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးထားကာ ၁ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁ ဦးကိုတော့ ခလရ-၂၇၄ မှာ ဖမ်းဆီး စစ်ဆေးနှိပ်စက်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013