ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ချခဲ့တဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို မေ ၁၁ ရက်မှာ ကာကွယ်ရေးတပ်တွေက လက်ခံရရှိခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ကချပေးတဲ့ ရိက္ခာအထုပ်ပေါင်း ၂၀ ကျော်အထိ ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ဖိနပ်တွေ၊ ရိက္ခာခြောက်တွေ၊ တကိုယ်ရည်သုံးပစ္စည်း သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာတွေ ပါဝင်တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်က ရိက္ခာလာချတဲ့ဟာတွေတချို့ ကျနော်တို့ဘက်က ရတာတွေလည်း ရှိတယ်။ အထုပ်ကတော့ ခန့်မှန်းပေါ့နော် ၂၀ ကျော်လောက်ရတယ်။ မိုးကာတွေနဲ့ ထုပ်ထားပြီး ကြိုးတွေနဲ့ ထုပ်ထားတာမျိုးပေါ့။ မြစ်ထဲကျသွားတာတွေလည်း ရှိတယ်။ ဆပ်ပြာတွေ၊ Brush တွေကအစ အကုန်ပါတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီးရတယ်။”
ဖားဆောင်းမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ဆောင်ရေးယာဥ်တစီးကို မေ ၆ ရက်မှာ ပစ်ချနိုင်ခဲ့တာကြောင့် စစ်ကောင်စီလေတပ်က ရိက္ခာထုပ်တွေကို အမြင့်ကနေသာ ပစ်ချရဲတဲ့အတွက် အခုလို တော်လှန်ရေးတပ်တွေက ရရှိခဲ့တာဖြစ်ပြီး မြစ်ထဲကို ကျသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ခုလက်ရှိအချိန်မှာလည်း ဖားဆောင်းမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တန်ပြန်ဒရုန်းတွေကို တွင်တွင်ကျယ် အသုံးပြုလာနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ စစ်ရေးအခြေအနေ အသေးစိတ် အချက်အလက်ကိုတော့ လုံခြုံရေးအရ အတိအကျဖော်ပြတာ မရှိသေးပါဘူး။