Home
မြန်မာသတင်း
စစ်ကောင်စီက ရုရှားဒရုန်းများကို စစ်ဆင်ရေးနယ်မြေများသို့ ဖြန့်ဝေ
DVB
·
May 14, 2024
Drones_14052024

ရုရှားကဝယ်ယူလာတဲ့ Orion-2 UAV ဒရုန်းတွေကို စစ်ကောင်စီက စစ်ဆင်ရေးနယ်မြေတွေဆီ မေ ၉ ရက်က စတင်ဖြန့်ဝေခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရုရှားနိုင်ငံကနေ Orion-2 UAV ဒရုန်းတွေကို စစ်ကောင်စီတပ် ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ အဖွဲ့က မေ ၁ ရက်က စတင် သွားရောက်ဝယ်ယူခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးမိုးအောင်က ၂၄ ရက်မှာ ရုရှားသွားတယ်။ သူသွားနေတဲ့အချိန်မှာပဲ လေကြောင်းရန်မှာ ဒရုန်းသင်တန်းတွေ ပေးတယ်။ သူပြန်လာတော့ ဗိုလ်ချုပ်ခင်မောင်သန်းတို့ တခေါက်ထပ်သွားပြီး ဒရုန်းတွေရော ဒရုန်းဂန်းတွေရော သွားဝယ်တာ အစင်းရေဘယ်လောက်ဝယ်လာလဲတော့ မသိဘူး။”

ရုရှားကနေ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့အဖွဲ့ မေ ၅ ရက်မှာ ပြန်ရောက်ပြီး ကက(လေ)ရုံးချုပ်မှာ ဒုစစ်ခေါင်းဆောင်က အစည်းအဝေးပြုလုပ်ပြီး စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်မှတဆင့် စစ်ဆင်ရေးနယ်မြေတွေကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ကက(လေ)နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရုရှားကို ဧပြီ ၄ ရက်မှ ဧပြီ ၂၄ ရက်အတွင်း ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ သွားရောက်ပြီးနောက် မေလအစောပိုင်းမှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေက စစ်ကောင်စီက အရာရှိစစ်သည်တွေကို ဒရုန်းနဲ့ပတ်သက်ပြီး သင်တန်းတွေပေးနေတယ်လို့ သိရပေမဲ့ DVB အနေနဲ့ သီးခြားအတည်နိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက တရုတ်နိုင်ငံထုတ် CH-4UAV ဒရုန်းတွေကို ဝယ်ယူခဲ့ပြီး မြဝတီတိုက်ပွဲမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013