Home
အားကစား
ချန်ပီယံဆုအတွက် စပါးအသင်းကို အနိုင်ယူရန် နည်းလမ်းသာရှိဟု မန်စီးတီးနည်းပြ ပြော
DVB
·
May 14, 2024
PepGuardiola_14052024

ချန်ပီယံဖြစ်ဖို့အတွက် စပါးအသင်းကို အနိုင်ယူဖို့ နည်းလမ်းတခုသာ ရှိတယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ စပါးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ယူဖို့နည်းလမ်းကလွဲပြီး တခြားနည်းလမ်းမရှိကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားတာပါ။

မန်စီးတီးဟာ စပါးကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ လေးပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး ရဂိုးလည်းမရှိခဲ့တဲ့ မှတ်တမ်းဆိုး ရှိခဲ့တာပါ။

လေးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲတွေ ကြုံခဲ့ရပေမဲ့ ကစားပုံကောင်းမွန်ခဲ့ပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

စပါးအသင်းကို အနိုင်မရဘူးဆိုရင် အာဆင်နယ်အသင်း ချန်ပီယံဖြစ်သွားမှာ ဖြစ်ကြောင်းလည်း ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြဂွါဒီယိုလာက ထည့်သွင်းပြောသွားပါတယ်။

စပါးအသင်းရဲ့နည်းပြ ပေါ့စ်တီကိုဂလူကတော့ အသင်းပရိသတ်အားလုံးက မန်စီးတီးကို အနိုင်ရချင်လိမ့်မယ်လို့ ပြောသွားပါတယ်။

စပါးအသင်းအနေနဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ သရေ သို့မဟုတ် အနိုင်ရရှိအောင် ကစားနိုင်မယ်ဆိုရင် မြို့ခံပြိုင်ဘက် အာဆင်နယ်အတွက် ချန်ပီယံဖြစ်စေဖို့ ကူညီရာရောက်မှာပါ။

တချို့သော စပါးအသင်းပရိသတ်တွေကတော့ အာဆင်နယ်ကို ချန်ပီယံမဖြစ်စေချင်တဲ့ အတွက် မန်စီးတီးကို အရှုံးပေးဖို့ ဆန္ဒရှိသူတွေလည်း ရှိနေတာပါ။

နည်းပြ ပေါ့စ်တီကိုဂလူကတော့ ကိုယ့်အသင်းကို ရှုံးနိမ့်စေချင်တဲ့စိတ်ဓာတ်ဟာ ဘောလုံးပရိသတ်တွေတိုင်းမှာ မရှိသင့်ကြောင်းနဲ့ နားလည်လက်ခံနိုင်စရာမရှိကြောင်း၊ စပါးပရိသတ်တိုင်းက မန်စီးတီးကို အနိုင်ရချင်မယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့တာပါ။

စပါးအသင်းအနေနဲ့ ဥရောပဝင်ခွင့်အတွက် မန်စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်းရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဝတ်ဖို့ဒ်တိုက်စစ်မှူးဟောင်း ထရိုင်းဒီးနေကတော့ အခုနှစ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့အတွက် စပါးအသင်းက ကူညီပေးသင့်ကြောင်း တိုက်တွန်းသွားပါတယ်။

အာဆင်နယ်နဲ့ စပါးအသင်းတွေဟာ လန်ဒန်မြောက်ပိုင်းက အနီးကပ်ဆုံး ဒါဘီပြိုင်ဘက်အသင်းတွေ ဖြစ်တာနဲ့အညီ တသင်းနဲ့တသင်းကြားမှာ ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတာပါ။

အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ ချန်ပြီယံဖြစ်ဖို့ အပြိုင်အဆိုင်ဖြစ်နေပြီး စပါးအသင်းက မန်စီးတီးနဲ့ ပွဲစဉ် ၃၇ မှာ ယှဉ်ပြိုင်သွားရမှာပါ။

အာဆင်နယ် ချန်ပီယံဖြစ်ဖို့အတွက် စပါးအသင်းက မန်စီးတီးကို အနိုင်ကန်သင့်ပြီး အာဆင်နယ် ချန်ပီယံမဖြစ်အောင် အရှုံးပေးဖို့ ဆန္ဒရှိတဲ့ စပါးပရိသတ်တွေကိုတော့ ဒီးနေက ဝေဖန်သွားပါတယ်။

ဘောလုံးပရိသတ်တဦးအနေနဲ့ မတူညီတဲ့အသင်းက ချန်ပီယံဖြစ်သွားတာကို မြင်ချင်ပြီး မန်စီးတီးကပဲ ချန်ပီယံထပ်ဖြစ်မယ်ဆိုရင် ပျင်းစရာကောင်းသွားမှာဖြစ်တယ်လို့ ဒီးနေက ပြောပါတယ်။

ဒါ့အပြင် အာဆင်နယ် ချန်ပီယံဖြစ်ပြီးရင်လည်း လီဗာပူး၊ ချဲလ်ဆီး၊ မန်ယူနိုက်တက် အပါအဝင် စပါးအသင်းကိုလည်း ချန်ပီယံဖြစ်စေချင်ကြောင်း ဒီးနေက ပြောသွားပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013