Home
မြန်မာသတင်း
တမူး၊ မြို့သစ်မြို့ကို PDF သိမ်းယူ၊ ဒီပဲယင်း လေကြောင်းတိုက်ခိုက်မှု ၆ ဦး သေဆုံး
DVB
·
May 13, 2024
DePeYinAiStrike_13052024

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို  ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၂ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။ 

တမူးမြို့နယ်၊ မြို့သစ်မြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူလိုက်ပြီး စစ်သုံ့ပန်း ၂၁ ယောက်ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ် ရေးအဖွဲ့တွေကလည်း ပြောပါတယ်။

မြို့သစ်မြို့ကိုသိမ်းယူနိုင်ဖို့ ၅ ရက်ကြာတိုက်ပွဲဝင်ခဲ့ရပြီး PDF တွေဘက်ကလည်း ၂ ယောက်ကျဆုံးကာ ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

လတ်တလောမှာ မြို့သစ်မြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ရေးအရပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ မြို့သိမ်းရာမှာ ပါဝင်ခဲ့တဲ့ ကဘော်ဒေသ အမျိုးသားလွတ်မြောက်ရေးတပ်တော် တာဝန်ရှိသူက ပြောပါတယ်။

တမူးမြို့နယ်မှာ ခါမ်းပါတ်မြို့ကိုလည်း PDF တွေက သိမ်းယူထားတာဖြစ်တဲ့အတွက် မြို့သစ်မြို့ဟာ ဒုတိယမြောက်သိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ်လာပါတယ်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်-ကဘော်မှ သျှောင်တစောင်းက "၁၁ ရက်နေ့ကရတာ၊ စတိုက်တာကတော့ ၇ ရက်နေ့ကတည်းက စတိုက်တာ၊ ၅ ရက်ပေါ့နော်။ MI 2 နဲ့လည်းကြဲတယ်၊ အပေါ်ကနေ ၆၀ သီး ၈၀ သီးတွေကို လက်နဲ့ပစ်ချတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း‌ တောက်လျှောက်ရှိတယ်။ ဟုမ္မလင်းကနေ တက်ပြီးတိုက်တာလည်းရှိတယ်၊ အောက်ဖက်ကနေပြီးတော့ နမခ တို့၊ မကွေးလေတပ်က တက်ပြီးတိုက်တာတွေရှိတယ်ပေါ့။ ရဲတွေက ယူနီဖောင်းတွေပါချွတ်ပြီးပြေးတာပေါ့ဗျာ။ မြို့သစ်ရဲ့အနောက်က ချောင်းထဲကို ဆင်းပြီးပြေးကြတာ။ အဲ့ဒီမှာက ကသည်းလို့ခေါ်တဲ့ တဖက်နိုင်ငံ မဏိပူရ် သူပုန်တွေရော၊ ရှမ်းနီ SNA ပူးပေါင်းရော၊ ပျူရော၊ နောက်ပြီး မင်းသာဆိုတာလည်းရှိသေးတာကိုး၊ စခန်း ထိုင်ထားတဲ့ နေရာလေ၊ အကုန်ပူးပေါင်းပြီးတော့ သူတို့ခံစစ်ကိုကာတယ်၊ ဘယ်လိုမှမခံနိုင်တော့လို့ အင်္ကျီတွေက အစချွတ်ပြေးကြတယ်ပေါ့ဗျာ”လို့ပြောပါတယ်။

လက်ရဖမ်းဆီးမိတာ ရဲအုပ်အပါအဝင်  ၂၁ ယောက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပူးပေါင်း အင်အား ၂၅၀ လောက်ရှိတဲ့အထက် အယောက် ၄၀ ကျော်လောက် သေဆုံးနိုင်တယ်လို့ ခန့်မှာပါတယ်။ 

ယင်းမာပင်မြို့နယ်မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် PDF ၃ ယောက်အပါ အဝင် ၆ ယောက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ၃ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာ ရခဲ့ပါတယ်။

မကြီးအုပ်ရွာအဝင် အရိပ်ကောင်းတဲ့ သရက်ပင်နဲ့ ဇရပ်မှာ အပူရှောင်နေတဲ့ လူစုလူဝေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီက ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာ အတိအကျမသိရပေမယ့် အဲ့ဒီနေရာမှာ Star Link အင်တာနက်ရတာကြောင့် လူစုလူဝေးဖြစ်နေတာလို့ ဒေသခံတချို့ကပြောပါတယ်။

မကြီးအုပ်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ Star Link အင်တာနက်ရတဲ့နေရာ ၃-၄ နေရာရှိနေပြီး ဒလန်က လူစုလူဝေးရှိကြောင်းသတင်းပို့တာကြောင့် အခုလိုတိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

မကြီးအုပ်ရွာ PDF တပ်ဖွဲ့မှ ဗိုလ်လက်ဝါးက "အသီးလုံးချတာက ၂ ခါ၊ ပစ်တာက ၁ ခါ၊ ၃ ခါပေါ့။ ပြည်သူ ၆ ယောက်ကတော့ ဆုံးပါးသွားတယ်၊ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်၊ တော်တော်များတယ်ဗျ၊ ဒီမှာက အရိပ်ကောင်းတဲ့နေရာဆိုတော့ လူများသွားတော့ ပြည်သူတွေထိခိုက်သွားတာဗျ၊ ဘာ့ကြောင့်ရယ်ဆိုတာ မပြောတတ်ဘူးဗျ၊ ပြည်သူတွေနေရာ ဝင်ပစ်သွားတာဗျ၊ သရက်ပင်နဲ့ ရွာအဝင်ဇရပ် အဲ့ဒီမှာ ပြည်သူတွေအရိပ်ခိုတဲ့နေရာ ဝင်ပစ်သွားတာဗျ။ ကျွန်တော့်ရဲဘော် ၃ ယောက်ကတော့ ဟုတ်တယ်ဗျ၊ ပါသွားတယ်ဗျ၊ အရိပ်ခိုရင်းကနေပြီးတော့ပါသွားတာဗျ။ တိုက်ပွဲလည်းမဖြစ်ဘူး စစ်ကောင်စီ စစ်ကြောင်းထိုးတာလည်းမရှိဘူး၊ ဒီအတိုင်း ဘလိုင်းကြီးကျဲသွားတာဗျ၊ အဲ့ဒီလေယာဉ်က မန္တလေးကနေတက်တာ၊ ဖိုက်တာ၊ တံတားဦးကနေတက်တာ၊ ဟုတ်တယ်။ ၁ စီးတည်းလာပြီးပစ်သွားတာ၊ နေ့ခင်း ၂ နာရီ ၁၅ ဗျ။ ခံစားချက်ကတော့ ပြောကိုမထွက်တော့တာ ဒီလောက်ထိ ယုတ်မာနေမှတော့”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့အဆိုးရွားဆုံးဖိအားပေးတိုက်ခိုက်တာခံနေရတဲ့ စစ်ကိုင်းတိုင်းမှာ PDF တွေဘက်က လက်မလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်နေသလို စစ်ကောင်စီကလည်း ဖိအားပေး နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေတာပါ။

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကို PDF တွေက ပြန်လည်လက်လွှတ်ထားရပြီး ခါမ်းပါတ်၊ ရွှေပြည်အေးမြို့တွေနဲ့အတူ လက်ရှိမှာ မြို့သစ်မြို့ကို ထပ်မံသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013