Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ်က လူငယ်များကို အိမ်ထဲအထိ လိုက်လံဖမ်းဆီးနေ
DVB
·
May 13, 2024
army soldiers_13052024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ လူငယ်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ မေ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံလူငယ် အယောက် ၄၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားသလို မေ ၁၁ ရက် ညပိုင်းမှာ ရေစကြိုမြို့၊ အမှတ် ၃၊ ကုလားတန်ရပ်ကွက်က လူငယ် ၅ ဦးနဲ့ ပေကုန်းကျေးရွာက လူငယ် ၂၀ လောက်ကို နေအိမ်နေထဲ ဝင်ရောက်ဖမ်းဆီး‌ ခေါ်ဆောင်သွား‌​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ညပိုင်း မှောင်ပြီဆိုမှ စစ်သားတွေက လူနေအိမ်တွေထဲကို ဇွတ်ဝင်လာပြီး အသက် ၂၀ ကျော်ဝန်းကျင်ရှိတဲ့ လူငယ်တွေကို ဘာမှမပြောဘဲ တခါတည်း ဖမ်းခေါ်သွားတာ။ အိမ်တွေထဲဝင်ဖို့ ဘာခွင့်ပြုချက်မှလည်း မတောင်းဘူး” လို့  ပြောပါတယ်။

မေ ၁၂ ရက်၊ မနက် ၃ နာရီဝန်းကျင်ကလည်း ရေစကြိုမြို့ပေါ်က လူငယ် ၁၅ ဦးခန့်ကို နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ လူငယ်တဦးရဲ့ မိခင်က “စစ်သားတွေက အိမ်ရှေ့ကနေ ဇွတ်တံခါးဖွင့်ခိုင်းပြီး ကျမသားလေး အိပ်နေတာကို အိပ်ယာထဲဝင်နှိုးပြီး ခေါ်သွားတာပါရှင်။ ကျမသားလေးက အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိပါဘူးရှင်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့လည်း တွေ့ခွင့်မရသလို ဘယ်နေရာကို ဖမ်းဆီးသွားတယ် ဆိုတာ မသိရဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရေစကြို ပကဖ ရဲဘော်တဦးက “စစ်ကောင်စီ သက်ဆိုးတရက်ရှည်လေလေ ပြည်သူတွေ ဒုက္ခတရက်ပိုရောက်လေလေပါပဲ။ ပြည်သူတွေအားလုံးဟာ တော်လှန်ရေးကြီး အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ လိုအပ်နေပါပြီ” လို့ ပြောပါတယ်။

ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ဖြစ်ပြီး စစ်တပ်က မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013