Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်က ကျေးရွာထဲဝင် မိုင်းထောင်၊ ကလေးမြို့နယ်၌ ဒေသခံ ၁ ဦး မိုင်းနင်းမိပြီး သေဆုံး 
DVB
·
May 13, 2024
YaySaGyo_13052024

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ဘက်ခြမ်း ဘုမ္မာကျေးရွာထဲကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျူစောထီး အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်ထဲက ပစ္စည်းတွေယူဆောင်ပြီး ကျေးရွာအတွင်းအပြင်တလျှောက်မှာ မိုင်းထောင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

မေ ၁၁ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ်၊ ဟင်္သာရွာမကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပျူစောထီးတပ်ဖွဲ့တွေက စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။

ဒေသခံတဦးက “သူတို့ဝင်လာတော့ ကိုယ့်ဘက်က ကင်းထောက်တွေက အချက်ပြတော့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်နည်းနည်းက အမြန်ရှောင်ရတယ်။ ရွာထဲက ဆိုင်ကယ်၊ စက်ဘီး၊ ရေမော်တာတွေ၊ စားနပ်ရိက္ခာတို့ ဆန်တို့ အိမ်တော်တော်များများက ပါသွားတယ်။ မယူနိုင်တဲ့ဟာတွေကို ဖျက်ဆီးခဲ့သေးတယ်။ ရွာအပြင်ပတ်ပတ်လည်နဲ့ ရွာထဲလမ်းမှာရော နောက်ပြီး တချို့အိမ်ဝိုင်းထဲမှာရော မိုင်းထောင်သွားတယ်။ စစ်တပ်အဖွဲ့တွေက ယူနီဖောင်းပါတယ်၊ သေနတ်တွေနဲ့၊ ပျူစောထီးတွေက ဟင်္သာက” လို့ ပြောပါတယ်။

မိုင်းအန္တရာယ်ကြောင့် ဘုမ္မာကျေးရွာ ဒေသခံတွေ ကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်ဖို့ အခက်တွေ့နေပြီး အဆိုပါမိုင်းတွေကို နင်းမိတာကြောင့် လတ်တလောမှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက“စစ်တပ်ထောင်တဲ့မိုင်း နင်းမိတာ PDF (ပြည်သူ့ကာကွယ်ရေးတပ်)ထဲက တယောက်က ခြေထောက်လား ပေါင်လားမသိဘူး ပြတ်တယ်။ နောက်နှစ်ယောက်က ရိုးရိုးဒဏ်ရာရတယ်။ ဟင်္သာရွာက အုပ်ချုပ်ရေးမှူးကအစ ပျူခေါင်းဆောင်ပါ” လို့ ပြောပါတယ်။

မေ ၁၂ ရက် ညပိုင်းကလည်း ရေစကြိုမြို့နယ် အလယ်သောင်ကျေးရွာက တော်လှန်ရေးတပ်တွေက ဟင်္သာကျေးရွာအနီးက ဆင်မရဲကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းန​ဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး  အထိအခိုက်ကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာတော့ ကျီကုန်းရွာ၊ ရေဆန်ကျွန်းဘုရား တောင်ခြေရင်းက စစ်တပ်အနီးမှာ မေ ၁၂ ရက်က စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ဒေသခံတဦး သေဆုံးခဲ့တယ်လို့ ကျီကုန်းရွာခံတွေက ပြောပါတယ်။

ကလေးမြို့တွင်းကနေ ရေဆန်ကျွန်းဘုရား တောင်ခြေရင်းကို ထင်း‌ခွေ(ခုတ်)လာတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတဦးဟာ မနက် ၁၀ နာရီကျော်မှာ ထင်းခုတ်ရင်း မိုင်းနင်းမိကာ ပွဲချင်းပြီး သေ‌ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ကျီကုန်းရွာ ဒေသခံတဦးက “သူက မြို့ထဲကနေ ထင်းလာခွေပုံရတယ်။ မြို့ထဲကလူတွေက အဲ့တပ်နားမှာ မိုင်းထောင်ထားမှန်း မသိကြဘူးလေ။ လူကတော့‌ ခြေထောက်တွေမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရပြီး ပွဲချင်းပြီးသေသွားတယ်။ ရွာကလူတွေကပဲ ၁၂ နာရီကျော်လောက်မှာ ဆိုက်တွဲနဲ့ မြို့ထဲတင်ပေးလိုက်ကြတယ်။ ဘယ်သူဘယ်ဝါမှန်း‌တော့ သေချာမသိကြရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ သူတို့တပ်အနီးတဝိုက်တင်မကဘဲ ‌ဘုရားတောင်ခြေရင်းအထိပါ မိုင်းတွေ အများအပြား ထောင်ထားတာဖြစ်ပြီး ဒေသခံတွေနဲ့ တိရစ္ဆာန်တွေ မိုင်းနင်းမိရင်လည်း မိုင်းဖိုးပြန်လျော်ပေးနေရတယ်လို့ ကျီကုန်းရွာသူတဦးက ပြောပါတယ်။

“ရွာကဦးလေးရဲ့ နွား ၂ ကောင် လွှတ်ထားတာ။ နွားတွေက သူတို့တပ်ဘက်သွားတာ မိုင်းနင်းမိပြီး သေသွားတာ။ နွားသေရုံတင်မကဘူး၊ မိုင်းဖိုးပါ နွားရှင်က လျော်ပေးရတာ။”

ကျီကုန်းကျေးရွာဟာ ကလေးမြို့နဲ့ ၆ မိုင်ခန့်သာ ကွာဝေးပါတယ်။ လက်ရှိမှာ စစ်ကောင်စီက ကျီကုန်းရွာနဲ့ အင်တိုင်းကြီး ရွာချင်းဆက်လမ်းကို ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013