Home
မြန်မာသတင်း
သာယာဝတီထောင်၌ စစ်တပ်အရာရှိဟောင်းနှင့် ထောင်အာဏာပိုင် ပူးပေါင်းပြီး နိုင်ကျဉ်းများကို ဖိနှိပ်နေ 
DVB
·
May 13, 2024
ThaYarWaddyPrison_13052024

ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်မှာ  စစ်ကောင်စီတပ်ကနေ ထောင်ကျလာတဲ့ စစ်တပ်အရာရှိဟောင်းနဲ့ ထောင်အာဏာပိုင်တွေပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ် အနိုင်ကျင့်နေတယ်လို့  အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။

သာယာ၀တီထောင်မှာ စစ်တပ်ကနေ လက်နက်ချလို့ဆိုပြီး ထောင်ဒဏ် တသက်တကျွန်း ချခံရတဲ့ ဗိုလ်မှူးချုပ်ဟောင်းမိုးကျော်သူက နိုင်ငံရေးအကျဥ်းသားတွေရဲ့ မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေ ပေးပြီး ထောင်ရဲ့အခွင့်အရေးရဖို့ ကြိုးစားနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ မကြာခဏ အရေးယူရိုက်နှက်ခံနေရတာလို့ဆိုပါတယ်။

အကျဉ်းဦးစီးဝန်ထမ်းတဦးက “ဗိုလ်မှူးချုပ်မိုးကျော်သူက ကတုံးကတိုက်လုပ်တာ ထောင်ပိုင်လေးကို တိုင်တာ။ သူတိုင်လိုက်တာနဲ့ အတိုင်ခံရတဲ့သူတွေကို လာထုတ်ပြီး ရိုက်တော့တာပဲ ရိုက်ပြီးတိုက်ပိတ် လုပ်တာ ခဏခဏ ရှိပြီ။ သူက အဲဒီလိုတိုင်တော့ ထောင်ပိုင်က သူ့ကိုဆို အခွင့်အရေးပေးတာပေါ့။ ဗိုလ်မှူးချုပ်မိုးကျော်သူ ကိုယ်တိုင်က သူ့ကို သူ့အဘတွေက ခဏ ထောင်ထဲထည့်ထဲတာ မကြာခင်သူ့ကို ပြန်လွှတ်ပေးမှာ အကျဉ်းဦးစီး ညွှန်ချုပ်ကိုယ်တိုင်က သူ့ကို ထောင်မှာ လိုအပ်တာရှိရင် တိုက်ရိုက်ပြောခိုင်းထားတာတဲ့။ ဒီထောင်ပိုင် မပြောနဲ့၊ အကုန်လုံးကို သူပိုင်တယ်လို့ ပြောတော့ ထောင်က ထောင်ပိုင်။ ထောင်ပိုင်လေး အားလုံးက သူ့ကို ကြောက်နေတာ။ ထောင်ပိုင်တွေဆို သူ့ကို အဘ ပြန်ခေါ်နေရတာ အဲဒီလောက်အထိ ပိုင်တယ်။ သူ့ကို နိုင်ကျဉ်းတွေကြားထဲ လာထားတာ။ နိုင်ကျဉ်းတွေကိုလည်း သူက ကြည့်မရဘူး။ အလကားနေ ပြဿနာရှာနေတာ” လို့ ပြောပါတယ်။

သာယာဝတီထောင်ပိုင်ဟာ အကျဉ်းသားတွေဆီကနေ တရားမဝင်လာဘ်ငွေယူသလို  ကျဉ်းသားတွေကိုလည်း မိုက်မိုက်ရိုင်းဆက်ဆံနေတယ်လို့လည်း အကျဉ်းသားမိသားစုဝင် တဦးက ပြောပါတယ်။

“သာယာ၀တီထောင်မှာ အဆိုးဆုံးက ထောင်ပိုင်လေးပဲ။ သူက နေ့တိုင်း ထောင်၀င်စာပေါက်မှာ လာထိုင်နေတာ။ တလကို တခါပဲ တယောက်ပဲ တွေ့ရတယ်ဆိုတာနဲ့ သူက လုပ်စားလို့ ကောင်းနေတာ။ လူ ၂ ယောက် တွေ့ချင်ရင် ၅၀၀၀၀၊ ၃ ယောက်ဆိုရင် ၁၀၀,၀၀၀။ သူ့ကို ပေါ်တင်ပဲပေးရတာ။ တလထဲမှာ နောက်တခေါက် ထပ်တွေ့ချင်ရင်လည်း ၁၀၀,၀၀၀ ပဲ။ သူက ငွေလည်း တောင်းသေးတယ်။ ပါးစပ်ကလည်း စည်းကမ်းမရှိဘူး၊ အထဲမှာ အကျဉ်းသားတွေကို ဘယ်လောက်တောင် အနိုင်ကျင့်သလဲ မသိဘူး။ မိသားစုဝင်တွေကိုပါ ဆဲတာ။ မအေ နှမ တွေ တပ်ပြီးဆဲတာ၊ ကိုယ်တွေကိုယ်တိုင် ခံခဲ့ရတာ၊ သူ့အထက်ကလူတွေ ဌာနတွေကို တိုင်မယ်ဆိုရင်လည်း ကိုယ့်ကလေးပဲ အထဲမှာ အမဲခံရမှာ အနှိပ်စက်ခံရမှာဆိုတော့ ခေါင်းငုံ့ခံနေရတယ်။” 

ဗိုလ်မှူးချုပ် မိုးကျော်သူ အပါအ၀င် ဗိုလ်မှူးချုပ် ၆ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က  လောက်ကိုင်ဒေသကို MNDAA က သိမ်းပိုက်လိုက်တဲ့အချိန်မှာ လက်နက်ချလိုက်လို့ဆိုပြီး ဇန်န၀ါရီ ၂၂ ရက်မှာ သေဒဏ်ချမှတ်ခံရတာပါ။ 

အဲဒီ ၆ ယောက်ထဲက  ဗိုလ်မှူးချုပ်မိုးကျော်သူက သာယာ၀တီထောင်ကို ရောက်ခဲ့ပြီး  ထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ  သတင်းပေး လုပ်ရင်းနဲ့ ထောင်ကပေးတဲ့ အခွင့်အရေးကိုယူပြီး နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်နေတယ်လို့ မကြာခင်က ထောင်က လွတ်လာသူ တဦးကလည်း ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က အရာရှိဟောင်းနဲ့ ထောင်အာဏာပိုင်တွေပူးပေါင်းပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်နေတာနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

မင်းညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024