တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ကျွန်းတုဆောက်လုပ်နေတယ်ဆိုတဲ့ အငြင်းပွားရေပိုင်နက်ကို ဖိလစ်ပိုင်သင်္ဘောတွေ စေလွှတ်ထားတယ်လို့ မေ ၁၁ ရက်က ထုတ်ပြန်ပါတယ်။
ကျွန်းတုဆောက်လုပ်နေတဲ့ တရုတ်ရဲ့ တရားမဝင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ကမ်းခြေစောင့်တပ်က သင်္ဘောတစင်း စေလွှတ်ထားပြီး နောက်ထပ်နှစ်စင်းကိုလည်း အလှည့်ကျတာဝန်ချထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်က အက်စ်ကိုဒါလို့ခေါ်ပြီး ဆာဘီနာလို့လည်း ထင်ရှားတဲ့ သဲသောင်ခုံလေးကို ကျွန်းတုအဖြစ် တရုတ်က ဖန်တီးနေတယ်လို့ ဖိလစ်ပိုင်ဘက်က စွပ်စွဲထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မနီလာမှာရှိတဲ့ တရုတ်သံရုံးကတော့ ချက်ချင်းတုံ့ပြန်ထားတာ မရှိပါဘူး။
ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်ရေတပ်ဗိုလ်ချုပ်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားစေခဲ့တဲ့အတွက် တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့လည်း ဖိလစ်ပိုင် အမျိုးသားလုံခြုံရေး အကြံပေးက တိုက်တွန်းထားပါတယ်။
နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ ကုန်စည်တွေ ဖြတ်သန်းနေတဲ့ တောင်တရုတ်ပင်လယ်ပြင် တခွင်လုံးကို တရုတ်က သူပိုင်တယ်လို့ ဆိုထားတာကြောင့် အိမ်နီးချင်းတွေနဲ့ အငြင်းပွားနေပါတယ်။ အဲဒီအထဲမှာမှ ဖိလစ်ပိုင်နဲ့က လက်ရှိ တင်းမာမှု အမြင့်ဆုံး ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters