Home
မြန်မာသတင်း
ဒီပဲယင်း၊ ကျောက်ဖြူနှင့် ဂန့်ဂေါတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် ပြည်သူများ ထိခိုက် သေဆုံး
DVB
·
May 13, 2024
DePeYinAiStrike_13052024
KyaukPhyuAirStrike_13052024

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၁ ရက် ညနေ ၃ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၆ ဦး သေဆုံးပြီး ကလေးငယ်တဦး အပါအဝင် ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မေ ၁၃ ရက် မနက် ၆ နာရီမှာ ထိခိုက်ဒဏ်ရာရသူတွေထဲက အသက် ၃၅ နှစ်အရွယ် ကိုသက်အောင် ထပ်မံ​သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို အကူအညီပေးနေသူတဦးက “တယောက် ထပ်ဆုံးသွားပြီ။ CDM သားဖွားဆရာမယောကျ်ား၊ သူ့မိန်းမရှိတဲ့နေရာ လာရင်းနဲ့ပဲ ဖြစ်စဥ်ထဲမှာ ဒဏ်ရာရပြီး ဒီမနက်ပဲ ဆုံးသွားတယ်။ ဗုံးစမှန်ထားတဲ့ ဒဏ်ရာတွေက အရမ်းပြင်းလို့လေ၊ ဆေးကုနေရင်းနဲ့ပဲ ဆုံးသွားတယ်” လို့ ပြောပါတယ်။

ကျန်ဒဏ်ရာရရှိသူ ၂၂ ဦးထဲမှာ ၃ ဦးက လက်တဖက်ဖြတ်လိုက်ရပြီး ၂ ဦးက ခြေတဖက်စီ ဖြတ်လိုက်ရကာ ၆ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ ကိုင်းကန်ကျေးရွာနဲ့ မကြီးအုပ်ကျေးရွာ အစပ်ကို စစ်ကောင်စီတပ်က Y12 လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် မကြီးအုပ်ကျေးရွာ စာသင်ကျောင်းနဲ့ စာသင်ကျောင်းအနီးက နေအိမ်တွေ ထိမှန်ခဲ့ပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာလည်း လောင်းချောင်းကျေးရွာမှာ မေ ၁၂ ရက် မနက်စောပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အထက်တန်းစာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ကျောက်ဖြူမြို့၊ မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းရွာကို မနေ့ မနက် ၂ နာရီလောက်က စစ်ကောင်စီ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ အထက်တန်းစာသင်ကျောင်း မှန်ပြတင်းနဲ့ တံခါးရွက်တွေအားလုံး ပြိုကျပျက်စီးခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“မနက်အစောကြီး ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာကြဲသွားတာ။ ဒီဘက်မှာက တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ စစ်တပ်က အခုလို ရမ်းသန်းပြီး လိုက်ပစ်နေတော့ ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့။ ကျောင်းဖွင့်နေတဲ့အချိန် ဆိုရင်တော့ ကလေးငယ်တွေဘဝက တကယ်ကို မတွေးရဲစရာပဲ။”

လောင်းချောင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကျေးရွာစာသင်ဆောင် မှန်ပြတင်းတွေနဲ့ တံခါးချပ်တွေ ပျက်စီးခဲ့ကာ လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်းနဲ့ ကျေးရွာသားတွေလည်း အိပ်နေရာက ဗုံးခိုကျင်းတွေနဲ့ လုံခြုံဘေးလွတ်ရာ နေရာတွေမှာ ပုန်းရှောင်ခဲ့ရကြောင်း ဒေသခံရွာသားတွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ မေ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ တိုက်ပွားဖြစ်ပွားမှုမရှိတဲ့ ကြောင်ခိုးကျေးရွာ၊ ချောင်းဖျားကျေးရွာကြား တောင်တန်းနဲ့ မြို့ချောင်းတိုက်နယ်ရှိ လောင်းချောင်းကျေးရွာ အနီးပတ်ဝန်းကျင်တွေကို လေကြောင်း ရေကြောင်းမှ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ချောင်းဖျားကျေးရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာတော့ ဇဟောကျေးရွာကို မေ ၁၁ ရက်၊ ည ၉ နာရီမှာ ဂန့်ဂေါမြို့၊ စစ်ကောင်စီတပ် ခလရ ၅၀ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ​ကျရောက်ပေါက်ကွဲလို့ ၆ နှစ်အရွယ် ကလေးတဦး အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ရွာထဲကို ၃ လုံးကျပြီး ကွဲတာ။ အသေအပျောက်တော့ မရှိသေးပါဘူး၊ စိုးရိမ်ရတဲ့သူတွေ ပါတယ်။ ဆေးရုံသွားကျတော့ အခြေအနေ မသိရသေးဘူး။ သူတို့ ခလရ ၅၀ တပ်နဲ့ ဒီရွာက ၁ မိုင်လောက်ပဲဝေးတော့ ရွာထဲကို သူတို့ပစ်တဲ့ လက်နက်ကြီးကျည်က ခဏခဏကျလို့ ရွာသားတွေလည်း ခဏခဏ​ပြေးရတယ်။ ရွာသားတွေ ဒဏ်ရာရတာ သေဆုံးတာတွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဇဟောကျေးရွာက ၆၃ နှစ်အရွယ် အမျိုးသမီးတဦး၊ ၃၅ နှစ်အရွယ် အမျိုးသားတဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီးတဦး၊ ၂၃ နှစ်အရွယ် အမျိုးသမီးတဦး၊ ၁၄ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ၆ နှစ်အရွယ် အမျိုးသားတဦးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

ရွာခံတဦးက “၆ ဦးထဲက ဦးခေါင်းထိတဲ့ ၃၅ နှစ်အရွယ် အမျိုးသားကတော့ စိုးရိမ်ရတယ်ဗျ။ ၆ နှစ်အရွယ် ကလေးကတော့ လက်ကိုဖြတ်လိုက်ရတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူတွေကို ဆေးရုံတင်ထားပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ဇဟောကျေးရွာနဲ့ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဇဟောကျေးရွာကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။

အာဏာသိမ်း ၃ နှစ်ကျော်ကာလမှာ ဇဟောကျေးရွာနဲ့ ကျေးရွာအနီးဝန်းကျင်ကို လက်နက်ကြီးကျည် ၃၀ ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံရွာသားတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

Photo - APM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013