Home
အားကစား
ဝေဖန်သူများကို ဘောလုံးဗဟုသုတနှင့် အတွေ့အကြုံမရှိသူဟု မန်ယူနည်းပြ တန်ဟတ်ဂ် တုံ့ပြန်
DVB
·
May 13, 2024
TenHag_13052024

မန်ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရသင့်တယ်လို့ ဝေဖန်နေတဲ့သူတွေကို ဘောလုံးဗဟုသုတနဲ့ အတွေ့အကြုံမရှိသူတွေလို့ နည်းပြတန်ဟတ်ဂ်က ပြန်လည် တုံ့ပြန်သွားပါတယ်။

မန်ယူအသင်း မနေ့ညက ကန်သွားတဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့သလို  ပြီးခဲ့တဲ့ သီတင်းပတ် ခရစ္စတယ်ပဲလေ့အသင်းနဲ့ ပွဲစဉ်မှာလည်း  ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။

အသင်းရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တဲ့အပေါ် ဘောလုံးဝေဖန်သုံးသပ်သူတွေက အပြင်းအထန် ဝေဖန်ခဲ့ပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံရသင့်ကြောင်း မှတ်ချက်ပေးခဲ့ကြတာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ ရာထူးကနေ ထုတ်ပယ်ခံရသင့်တယ်လို့ ဝေဖန်တဲ့သူတွေဟာ ဘောလုံးဗဟုသုတနဲ့ ဘောလုံးအသင်းတသင်းကို စီမံခန့်ခွဲဖူးတဲ့သူတွေ မဟုတ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။ 

ဒဏ်ရာပြဿနာရှိနေတဲ့ အသင်းတသင်းအနေနဲ့ တိုးတက်မှုမရှိနိုင်ကြောင်းလည်း မန်ယူနည်းပြအဲရစ် တန်ဟတ်ဂ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ အဓိက ကစားသမားအများအပြား ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရပြီး မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း အဓိက ကစားသမားတွေ ပါဝင်နိုင်ခြင်း မရှိခဲ့တာပါ။

အသင်းတသင်း တိုးတက်မှု ရှိလာဖို့ဆိုရင် အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာ ကင်းစင်နေဖို့ လိုအပ်ပြီး ဒဏ်ရာပြဿနာတွေရှိနေတာက တိုးတက်မှု မရှိနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းအနေနဲ့ FA ဖလားဗိုလ်လုပွဲ ကစားဖို့လည်း ကျန်ရှိနေသေးပြီး အဓိက ကစားသမားတွေ ပြန်လည်ကစား နိုင်ဖို့ လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

မန်ယူအသင်းမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ မာတီနက်ဇ်နဲ့ ဗာရန်းတို့အပါအဝင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်၊ ကွင်းလယ်လူ မေဆန်မောင့် အစရှိတဲ့ ကစားသမားတွေက အသီးသီး ဒဏ်ရာရရှိနေကြတာ ဖြစ်ပါတယ်။

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013